Tuesday, November 30, 2010

“ကိုယ့်နေ့”

4 comments
 လွန်ခဲ့တဲ့ အပတ်က ကျွန်မကျောင်းက သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောဖြစ်ပါတယ်။ သူငယ်ချင်းက သူနဲ့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်ရင်း ကျွန်မအကြောင်း ပြောဖြစ်တော့ သူ့သူငယ်ချင်း က ကျွန်မ ရဲ့ နာမည်ကို သိနေတယ်။ ရန်ကုန်မှာတုန်းက L.C.C.I Level (3) ဖြေဖို့ သူတက်ခဲ့တဲ့ သင်တန်းနဲ့ ကျွန်မတက်ခဲ့တဲ့ သင်တန်းချင်းလည်း တူနေတယ်။ အဲဒီတော့ သူ့ သူငယ်ချင်း ဖြစ်နေမလား မသိဘူး ဆိုပြီး ကျွန်မကို သူ့ နာမည် ပြောပြီး မေးကြည့်ပေးပါလို့ ပြောတယ်တဲ့။ ဒါနဲ့ ကျွန်မလည်း ဟုတ်လား၊ ကျွန်မ နာမည်ကို သိတယ်တဲ့လား။ သူ့နာမည်က ဘယ်သူတဲ့လဲ လို့မေးတော့ ကျွန်မ သူငယ်ချင်းက သူ့နာမည်ကို ပြောပြပါတယ်။ ကျွန်မလည်း အရမ်းအံ့သြပြီး ပျော်ရွှင်သွားပါတယ်။ ဟုတ်ပါတယ်။ ကျွန်မနဲ့ အလွန် ခင်ခဲ့တဲ့ သူငယ်ချင်းပါပဲ။

၂၀၀၂ ခုနှစ် ကျွန်မ ပထမနှစ် ကျောင်းသူဘ၀မှာ L.C.C.I Level (3) ဖြေဖို့ သင်တန်း သွားတက်ရာ ကနေ သိကျွမ်း ခင်မင်ခဲ့ရသူပါ။ သင်တန်းမှာ ခင်တယ်ဆိုပေမယ့် ငယ်သူငယ်ချင်းများ နီးပါးကို ရင်းနှီးသွားခဲ့ ကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အတန်းထဲမှာ အိပ်ငိုက်လည်း အတူတူ၊ စာမရလည်း အတူတူမို့ပါ။  ပြီးတော့ ကျွန်မတို့တွေ တစ်ယောက်နဲ့ တစ်ယောက် စိတ်ရင်းနဲ့ ပေါင်းဖြစ်ခဲ့ကြလို့ ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ လျှိုတာ၊ ၀ှက်တာ၊ မနာလိုတာ၊ ပြိုင်ဆိုင်တာ မရှိခဲ့ကြပါဘူး။ စာမေးပွဲနီးတဲ့ အခါမှာ လည်း သင်တန်းချိန် ပြင်ပမှာ ကျွန်မနဲ့ သူ Guide တစ်ယောက် ခေါ်ပြီး ကျွန်မအိမ်မှာ ပဲ သင်ခဲ့ ကြတော့ ပိုပိုပြိး ရင်းနှီးသွားပါတော့တယ်။

စာမေးပွဲတွေ ဖြေပြီး အောင်စာရင်းတွေ ထွက်တဲ့ အထိလည်း  လည်ကြ၊ ပတ်ကြ နဲ့ ပျော်ခဲ့ကြ၊ အဆက် အသွယ် မပြတ်ခဲ့ကြပါဘူး။ အောင်စာရင်းထွက်ပြီး မကြာမီ ၂၀၀၃ ခုနှစ် မှာတော့ ကျွန်မ ကုမ္ပဏီ တစ်ခုမှာ စာရင်းကိုင် အလုပ် ရသွားပါတယ်။ သူကတော့ Day တက်သူမို့ ကျောင်း ဆက်တက်ရ ပါတယ်။ အဲဒီ့ နောက်ပိုင်း ကျွန်မကလည်း ရုံးအလုပ်နဲ့ သူ ကလည်း ကျောင်းနဲ့မို့ အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။ အဆက်အသွယ် မရှိတော့ပေမယ့် ကျွန်မ သူ့ကို အမြဲ သတိရနေ ခဲ့ပါတယ်။

ဒီလိုနဲ့ (၇)နှစ်ကြာပြီး အခု ၂၀၁၀ ကုန်ခါနီးမှ သူနဲ့ ကျွန်မ အဆက်အသွယ် ပြန်ရခဲ့တာပါ။ ကျွန်မ ကျောင်းက သူငယ်ချင်းက တစ်ဆင့် သူ့ရဲ့ ဖုန်းနံပါတ်ရတော့ ကျွန်မ သူ့ဆီ ဖုန်းဆက်လိုက်ပါတယ်။ သူကလည်း အလွန် ၀မ်းသာနေပါတယ်။ ဒါနဲ့ အနီးဆုံး ရုံးပိတ်ရက်မှာ ဆုံဖို့ ဆုံးဖြတ်လိုက်ကြ ပါတယ်။ ဒီတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျွန်မဆီကို သူ လာတွေ့ပါတယ်။ သူငယ်ချင်းနှစ်ယောက် တွေ့တော့ ပျော်လိုက်ကြတာ မပြောပါနဲ့တော့။ သူကတော့ ဆံပင်ပုံစံကလွဲရင် ဘာမှမပြောင်းလဲပါဘူး။

ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် ကျွန်မအိမ်နားက ပန်းခြံလေးထဲ လမ်းလျှောက်ဖြစ်ကြပါတယ်။ (၇)နှစ် လောက် မတွေ့ရတဲ့ သူငယ်ချင်းနှစ်ယောက် ပြောလိုက်ကြတာ ရေပက်မ၀င်ပါပဲ။ ပြောတဲ့ အကြောင်းအရာ တွေကလည်း စုံနေတာပဲ။ သူငယ်ချင်းက စင်္ကာပူကို ၂၀၀၇ ခုနှစ် ကတည်းက ရောက်နေတာပါ။ သူက အလုပ်လည်း လုပ်နေပါပြီ။ ကျွန်မကတော့ ဒီနှစ်ထဲမှာမှ ရောက်လာပြီး အလုပ်ကလည်း ရှာဆဲ ဆိုတော့ သူရဲ့ အတွေ့အကြုံတွေကို အဓိက နားထောင်ရတာပေါ့ရှင်။

သူငယ်ချင်းက ကျွန်မကို အားပေးပါတယ်။ သူလည်း ရောက်ခါစက ရုန်းကန်ခဲ့ရတာတွေလည်း ပြောပြ ပါတယ်။  သူငယ်ချင်းလည်း ရောက်ခါစက ကျောင်းတက်ပါတယ်။ နောက်ပိုင်း အလုပ်ရတော့ ကုမ္ပဏီ ကြီးကြီးမှာကို ရတာပါ။ ကျွန်မ သူငယ်ချင်းက ကံကောင်းပါတယ်။ သူ အလုပ်ရတော့ သူရဲ့ စီနီယာက အစစ သင်ပြပေးပါတယ်။ သူငယ်ချင်းကလည်း ကြိုးစားပါတယ်။ ဖြစ်ချင်တော့ သူငယ်ချင်းရတဲ့ ကုမ္ပဏီက အပြင်ပန်းမှာသာ အထင်ကြီးစရာ ကောင်းနေပြီး အတွင်းမှာ လှိုက်စားနေပါပြီ။ Financial Problem နဲ့ ရင်ဆိုင်နေရတဲ့ ကုမ္ပဏီဖြစ်နေတော့ Account Department ကလူတွေ အားလုံး နံနက်(၉)နာရီကနေ ည(၉)နာရီအထိ အလုပ်လုပ်ရပါတယ်။ ကျွန်မ သူငယ်ချင်းကလည်း Accountant ဆိုတော့ သူလည်း ပင်ပန်းတော့တာပေါ့ရှင်။ ဒါပေမဲ့ ကျွန်မ သူငယ်ချင်း အဖို့ လုပ်ငန်းအတွေ့အကြုံ ကောင်းတွေ ရခဲ့ပါတယ်။

သူအလုပ်ဝင်ပြီး မကြာမီမှာပဲ သူ့ကုမ္ပဏီဟာ Bankrupt ဖြစ်သွားပါတော့တယ်။ ဒီတော့ သူတို့ကို ထုတ်ပေးထားတဲ့ S Pass တွေဟာ cancel ဖြစ်ကုန်တာပေါ့။ တစ်ခုကံကောင်းသွားတာက အဲဒီ့ ကုမ္ပဏီနဲ့ Group တစ်ခုတည်း ဖြစ်တဲ့ အခြားကုမ္ပဏီက သူအပါအ၀င် ၀န်ထမ်းတွေကို လွှဲယူလိုက်ပါတယ်။ ဒီတော့ ကျွန်မ သူငယ်ချင်း အလုပ်သစ်ရှာစရာမလိုဘဲ အဆင်ပြေသွားတာပေါ့ရှင်။ အဲဒီ့ကုမ္ပဏီမှာ ဆက်လုပ်ရင်း သူ ရာထူး တိုပေးခြင်း ခံရပါတယ်။ အဲဒီ့နောက်မှာ သူ့ကို အလွန်ခင်တဲ့ သူ့ရဲ့ စီနီယာ  အလုပ်က ထွက်သွားပြီး မကြာမီ သူလည်း အဲဒီ့ ကုမ္ပဏီကနေ ထွက်လိုက်ပါတယ်။

သူ အလုပ်အသစ်ရှာပါတယ်။ ချက်ချင်းပဲ အလုပ်သစ်ရပါတယ်။ အလုပ်သစ်က အရင် ကုမ္ပဏီလောက် မကြီးပါဘူး။ SME အဆင့်လောက်ပါ။ ဒါပေမယ့် သူ့အတွက် ပိုကောင်းပါတယ်။ အဲဒီ ကုမ္ပဏီမှာ သူ့ခြေ သူ့လက် လုပ်ခွင့်ရပါတယ်။ Accountant က သူတစ်ယောက်ပဲ ရှိပါတယ်။ သူ့ Boss က သူ့ကို အလွန်ယုံကြည် အားကိုးပါတယ်။ အရင် ကုမ္ပဏီက အတွေ့အကြုံတွေကို သူ ကောင်းကောင်း အသုံးချခွင့် ရပါတယ်။

သူ့ရဲ့လက်အောက်မှာ Invoice ထုတ်တဲ့ ဖားမ(ဖိလစ်ပိုင်မ)  တစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ အလုပ်ကို အင်မတန် ပျင်းပါတယ်တဲ့။ လုပ်ရင်လည်း အမှားတွေပဲ လုပ်ပါတယ်တဲ့။

သူငယ်ချင်း အလုပ်ဝင်ပြီး မကြာမီ အဲဒီ့ ကုမ္ပဏီက Engineering ပိုင်းနဲ့ ပတ်သက်ပြီး ၀န်ထမ်း ထပ်ခေါ် ပါတယ်။ မြန်မာ ကောင်လေးတစ်ယောက် ကို အင်တာဗျူး ခေါ်ပါတယ်။ ကောင်လေးက Application တောင် ကောင်းကောင်း မဖြည့်တတ်ပါဘူး။ Boss ကလည်း အဲဒီ့ကောင်လေးကို မေးရတာ အဆင်မပြေလို့ ကျွန်မ သူငယ်ချင်းကို စကားပြန်လုပ်ခိုင်းပြီး အင်တာဗျူးပါတယ်။ ကြားဖူးကြရဲ့လားရှင်။ စင်္ကာပူမှာ စကားပြန်နဲ့ အင်တာဗျူးတာ။ တကယ်ပါ။ ကောင်လေး အလုပ်ရသွားပါတယ်။ ကဲ - ဘယ်လောက် အလုပ်ကံ ကောင်းတဲ့ ကောင်လေး ပါလဲ။ ကျွန်မ သူငယ်ချင်း ကလည်း ကိုယ့် လူမျိုးချင်းမို့ တတ်နိုင်သလောက် ကူညီပါတယ်။ ကျွန်မသူငယ်ချင်းက ကူညီတတ်သူပါ။ အဲဒီ့နေ့က ကျွန်မကို လာတွေ့တော့တောင် ကျွန်မဒီမှာ အလုပ်လုပ်ရင် လိုအပ်မယ့် လေ့လာစရာလေးတွေကို  Print ထုတ်ပြီး ယူလာပေးပါတယ်။ ကျွန်မ အလုပ်ရှာနေမှန်း သိလို့ပါ။

ကောင်လေး အလုပ်ဝင်တော့ သူက အလုပ်လည်း မကျွမ်းကျင်၊ ဘာသာစကားလည်း အဆင်မပြေနဲ့မို့ သူငယ်ချင်းက အလုပ်ကြိုးစားဖို့နဲ့ အင်္ဂလိပ်စာ လေ့လာဖို့ပြောတော့ ကောင်လေးက သူငယ်ချင်းကို အစ်မ ရှိနေတာပဲ။ မသိရင် အစ်မကိုပဲ လှမ်းမေးလိုက်ရုံပေါ့ လို့ ပြောပါတယ်ရှင်။ သူငယ်ချင်းလည်း စိတ်ကုန်သွားပါ တော့တယ်။

အဲဒီ့နေ့က ကျွန်မသူငယ်ချင်း ပြန်သွားတော့  ဒီအကြောင်းတွေ စာရေးဆရာကို ပြန်ပြောပြဖြစ်ပါတယ်။ ကျွန်မခေါင်းထဲမှာလည်း အတွေးတွေ အများကြီးရခဲ့ပါတယ်။ လူတွေဟာ ကံ၊ ဥာဏ်၊ ၀ီရိယ ဆိုတဲ့ သုံးမျိုးနဲ့ ဘ၀တစ်လျှောက်လုံး ကြိုးပမ်း ရပ်တည်နေကြတာပါ။  ဘ၀ တစ်လျှောက်လုံး မှာ ကံဆိုး၊ ကံကောင်း၊ ကံနိမ့်၊ ကံမြင့် ဆိုတာ တစ်လှည့်စီ ရှိနေတတ်ကြပါတယ်။ ကံဆိုးတဲ့ အချိန်မှာလည်း ကိုယ့်မှာ ရှိနေတဲ့ ဥာဏ်နဲ့ ၀ီရိယ စိုက်ထုတ်ပြီး ကြိုးစားရပါတယ်။ ကံကောင်းနေတဲ့ အချိန်မှာ လည်း ငါ ကံကောင်း နေတာပဲ ဆိုပြီး ဥာဏ်ကို ထုတ်မသုံး၊ ၀ီရိယ မစိုက်ပဲ မျှောလိုက်နေဖို့ မသင့်ဘူး လို့ ထင်ပါတယ်။ ကျွန်မ သူငယ်ချင်းလည်း တစ်ချိန်က ရုန်းကန်ခဲ့ရတာပါပဲ။ ခုတော့ သူက ကံ၊ ဥာဏ်၊ ၀ီရိယ သုံးမျိုးစုံတဲ့ အချိန်ကို ရောက်နေပါပြီ။

ကျွန်မဆို ရန်ကုန်မှာ ကုမ္ပဏီ စာရင်းကိုင်အလုပ် လုပ်သက် (၇)နှစ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကံမလိုက်တော့ ခုထိ အလုပ်ကို ခက်ခက်ခဲခဲ ရှာနေရဆဲပါ။ အလုပ်ရပြန်တော့လည်း ကျွန်မကိုခန့်တဲ့ ကုမ္ပဏီရဲ့ လိုအပ်ချက် ကြောင့် ကျွန်မရဲ့ S Pass Application ကို reject လုပ်ခံရပါတယ်။  ဒါပေမဲ့ ကျွန်မ  အားမလျှော့ပါဘူး။ ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသရွေ့ ကြိုးစားရှာဖွေ ပါတယ်။ ကံအတွက်လည်း ကျွန်မမှာ အားကိုးဖို့ ဘာသာရေး ရှိပါတယ်။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ် ပါတယ်။ အနန္တောအနန္တ ငါးပါးကို ရိုသေ ကိုင်းရှိုင်းပါတယ်။ အလုပ် မရမီ ပညာလည်း ဆက်လက် ဆည်းပူးနေပါတယ်။ ကျွန်မကိုယ် ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မ ခုချိန်မှာ ကံ မရှိသေးရင်တောင် ဥာဏ်နဲ့ ၀ီရိယရှိပါတယ်။ ဒါကြောင့် ကျွန်မ အားမလျှော့ ပဲ ဆက်လက် ကြိုးစား နေဦးမှာပါ။ ကံမျက်နှာသာ ပေးမယ့်နေ့လည်း ရောက်လာလိမ့်မယ်လို့ ယုံကြည် ပါတယ်။

လောလောဆယ်တော့ ကံ၊ ဥာဏ်၊ ၀ီရိယ သုံးပါးနဲ့ ပြည့်စုံနေတဲ့ သူငယ်ချင်းလို လူတွေကို အားကျရင်း၊ ဥာဏ်၊ ၀ီရိယ မရှိပေမယ့် ကံတစ်ခုတည်းနဲ့တင် လုပ်သမျှ တင့်တယ်နေတဲ့ သူတွေရဲ့ဘ၀ကို ငေးမောရင်း၊ ကျွန်မ အတွက် အလုပ်ကံ ကောင်းလာမယ့်  နေ့တစ်နေ့ကို စောင့်မျှော်နေမိ ပါတော့ တယ်။                ။

ပါရမီဖြည့်ဖက်လေး
၂၁း၂၀ နာရီ
၃၀.၁၁.၂၀၁၀

Monday, November 29, 2010

“တစ်သက်ငြိစရာ ချက်ကြည့်ပါ”

3 comments

ကျွန်မရဲ့ C box မှာ 'ma' က ကြေအိုးဆီချက် လုပ်နည်းလေး တင်ပေးဖို့ ပြောသွားပါတယ်။ ကျွန်မနဲ့ ရင်းနှီးတဲ့ ကျောင်းက သူငယ်ချင်းတစ်ယောက်ကလည်း  အဲဒီ့ပို့စ်လေးဖတ်ပြီး ချက်နည်းလေး ပြောပါဦး လို့ လှမ်းပြော ပါတယ်။ ဒီတော့ ကျွန်မလည်း ကျွန်မရဲ့ မတတ်တတတ် ကြေးအိုးဆီချက် လုပ်နည်းလေး ကို မျှဝေပေးလိုက်ပါတယ် နော်။

လိုအပ်တဲ့ပစ္စည်းတွေက

ဝက်သား ကြိတ်သား
ဝက်အူချို
ဆန်ကြာဇံ
မုန်ညင်းစိမ်း
ကြက်သွန်ဖြူ
ဂျင်း
ပဲငံပြာရည်အကြည်ရည်
ကော်မှုန့်
သကြား
ဆား
အချိုမှုန့်
ဆီ

ပထမဦးဆုံး ၀က်သားကြိတ်သား၊ ကော်မှုန့်၊ ပဲငံပြာရည်အကြည်၊ သကြား၊ အချိုမှုန့်၊ ကြက်သွန်ဖြူ ညက်ညက် ထောင်းထားတာနဲ့ ရောနယ်ပြီး နှပ်ထားပေးပါတယ်။ 

ဝက်ရိုးကို ဂျင်းလက်တစ်ဆစ် မညက်တညက်ထောင်းထားတာ နဲ့ ကြက်သွန်ဖြူ သုံးမွှာ ဓါးပြားရိုက်၊ ဆား၊ အချိုမှုန့် တို့နဲ့ ရောနယ်ပြီး ပြုတ်ထားပေးပါတယ်။ ကျွန်မကတော့ အနည်းဆုံး တစ်နာရီလောက် ပြုတ် ပါတယ်။ ရေခန်းလာရင် ရေနွေးထပ်ဖြည့် ပြုတ်ပါတယ်။ ကြာကြာပြုတ်တော့ ၀က်ရိုးကအချိုရည် ပိုထွက် ပါတယ်။ 

အဲဒီ့အချိန်မှာ ကြာဇံကိုလည်း ရေအေးနဲ့ စိမ်ထားပါတယ်။ နာရီဝက်လောက်နေလို့ ကြာဇံပျော့လာရင် ဇကာနဲ့ ရေစစ်ထား ပါတယ်။

ကြက်သွန်ဖြူ ညက်ညက်ထောင်းထားတာကို ဆီချက်လေး ချက်ထားရပါတယ်။

ပြီးတော့ မုန်ညင်းစိမ်းကို လက်နှစ်ဆစ်လောက်စီ ပိုင်း၊ ရေဆေးပြီး စစ်ထားပါတယ်။

ဒီဘက်က ၀က်ရိုးပြုတ်ရပြီဆိုရင် ၀က်သားကြိတ်သားကို အနေတော်လေးတွေလုံးပြီး ၀က်ရိုးပြုတ်ရည် အိုးထဲမှာ သံဇကာလေးခံပြီး ထည့်ပြုတ်ပါတယ်။ အသားလုံးလေးတွေ ကျက်ပြီဆိုရင် ဆယ်ပြီး ဇကာလေးနဲ့ စစ်ထားပါတယ်။
 
ဝက်အူချိုကို ဗနီကာရည်နဲ့ ပြောင်နေအောင်ဆေးပါတယ်။ ပြီးတော့ ပဲငံပြာရည် အကြည်၊ သကြား နည်းနည်း၊ အချိုမှုန့်နည်းနည်း တို့နဲ့နယ်ပြီး ရေထည့် ပြုတ်ပါတယ်။ ရေခန်းလာပြီး အူချို မနူးသေးရင် ရေနွေးလေးနည်းနည်း ဖြည့်ထည့်ပြီး ဆက်ပြုတ်ပါတယ်။ အူချိုလည်းနူးပြီ၊ ရေလည်းခန်းပြီဆိုရင် နာနတ်ပွင့်လေး တစ်ပွင့် နှစ်ပွင့် ကို အိုးထဲ ပစ်ထည့်လိုက်ပါတယ်။ အနံ့မွှေးသွားပါတယ်။ ဒါဆို အူချိုလည်း  မီးဖိုပေါ်က ချလို့ ရပါပြီ။

အဲဒီ့နောက် ၀က်အူချိုအိုးထဲကို ခုနက ပြုတ်ထားတဲ့ ၀က်သားလုံး လေးတွေ ထည့်ပါတယ်။ ပဲငံပြာရည် အကြည်ရည် နည်းနည်းထည့်ပါတယ်။ ပြီးတော့ ဆီချက်က အရည် (ကြက်သွန်ဖတ်မပါ) ကို နည်းနည်း ခပ်ထည့်ပြီး နှံ့အောင်မွှေပြီး ပန်းကန်တစ်ခုထဲ ထည့်ထားလိုက်ပါတယ်။

ရေစစ်ထားတဲ့ ကြာဇံကို ၀က်ရိုးပြုတ်ရည်အိုးထဲမှာ သံဇကာလေးခံပြီး ထည့်ပြုတ်ပါတယ်။ ကြာဇံနူးရင် ရေစစ်ပြီး ပန်းကန်ထဲထည့် ဆီချက်ရည်လေးနဲ့ ပဲငံပြာရည်အကြည် နည်းနည်း၊ အချိုမှုန့်လေး နည်းနည်း ထည့်မွှေပါတယ်။ ပြီးတော့ ခုနက ၀က်သားလုံးနဲ့ အူချိုကို ကြာဇံပေါ်က တင်လိုက်ပါတယ်။ 

မုန်ညင်းစိမ်းကို ၀က်ပြုတ်ရည်အိုးထဲပစ်ထည့်၊ ခဏနေရင်ပြန်ဆယ် ဇကာနဲ့စစ်ပါတယ်။ ပြီးတော့  ခုနက ကြာဇံ၊ ၀က်သားလုံး နဲ့ အူချို ထည့်ပြီးသား ပန်းကန်ထဲမှာ ဆီချက်ဖတ်လေးဆမ်းပြီး အပေါ်ကနေ မုန်ညင်းစိမ်းလေး အုပ်လိုက် ပါတယ်။

ကဲ- ဒါဆို ပူပူနွေးနွေး ကြေးအိုးဆီချက်လေး ရပြီပေါ့နော်။

ကြေးအိုးဆီချက်နဲ့ တွဲသောက်ဖို့ ဟင်းရည်ကတော့ ခုနက ၀က်ရိုးပြုတ်ရည် (၀က်သားနဲ့ကြာဇံ ထည့်ပြုတ် ထားတဲ့) ကို အပေါ့အငန် ပြင်ပြီး သောက်လို့ ရပါတယ်။

တကယ်လို့ ကြေးအိုးဆီချက် မဟုတ်ဘဲ ကြေးအိုးအရည် သောက်ချင်သူ များကတော့ ၀က်ရိုး ပြုတ်ရည်ကို အပေါ့အငံ အနေတော်ဖြစ်အောင် ပဲငံပြာရည်အကြည်၊ ဆား၊ အချိုမှုန့်တို့ လိုသလို ထည့်ပြီး တည်ပါ။ ခုနက ၀က်သားနဲ့ ၀က်အူချိုကို ၀က်ရိုးပြုတ်ရည်နဲ့ ပြုတ်ရုံပဲပြုတ်ပြီး ဆယ်ထားပါ။ (ဆီချက်နဲ့မွှေရန်မလို)၊ တကယ်လို့ ၀က်သား မဆယ်ချင်သူ များကလည်း အဲဒီ့အထဲကိုပဲ ကြာဇံ ထည့်ပြုတ်လို့ ရပါတယ်။ အဲဒါဆိုရင်တော့ ၀က်ရိုးပြုတ်ရည်ကို တစ်ပွဲစာဆီ အိုးအသေးနဲ့ ခွဲပြီးလုပ်ရမှာပေါ့နော်။ ကြာဇံကိုလည်း ၀က်ရိုးပြုတ်ရည်နဲ့ ပြုတ်ပြီးရင် အဲဒီ့ ကြာဇံရယ်၊ ၀က်သားလုံး နဲ့ အူချိုရယ် ကို ၀က်ရိုးပြုတ်ရည် တစ်ပွဲစာနဲ့ ရောပြီး  စားသုံးနိုင်ပါတယ်။ ငရုတ်ကောင်းမှုန့်လေး လည်း ကြိုက်တတ်ရင် ဖြူးလို့ရပါတယ်။

တွဲဖက်စားသုံးရန်အချဉ်ကိုတော့ မိမိကြိုက်နှစ်သက်ရာ အချဉ်နဲ့တွဲဖက်ပြီး စားသုံးကြပါနော်။

ဝက်သားမစားသူများကလည်း ကိုယ်နှစ်သက်ရာ အသားသုံးပြီး ချက်ပြုတ်နိုင်ပါတယ်။ ကျွန်မတို့ အိမ်မှာတော့ ကျွန်မဘွားဘွားက ၀က်သားမစားလို့ ကြက်သားနဲ့ တစ်ပွဲသပ်သပ် လုပ်ပေးရလေ့ ရှိပါတယ်။

ကျွန်မ အရင် ပို့စ်မှာ ပြောခဲ့သလိုပဲ ကျွန်မနဲ့ စာရေးဆရာ စားဖြစ်ရုံ ချက်တဲ့နည်းမို့ ရန်ကုန်က ဆိုင်တွေလို လက်ရာမြောက် မဟုတ်ပေမယ့် ကိုယ့်ဘာသာကိုယ် စမ်းပြီး ချက်ကြည့်ရင် နောက်ပိုင်းမှာ တဖြည်း ဖြည်းချင်းနဲ့ အစပ်အဟပ်၊ အတွဲအဖက် မိလာမယ်လို့ ကျွန်မ မျှော်လင့်မိပါတယ်။ ဒါကြောင့်မို့ ကိုယ် ကိုယ်တိုင်ရော၊ ကိုယ်နဲ့ ပတ်သက်တဲ့သူတွေရော တစ်သက်ငြိစရာ ဖြစ်အောင်လို့ ချက်ကြည့်ပါ လို့ တိုက်တွန်း လိုက်ပါရစေ။               ။

ပါရမီဖြည့်ဖက်လေး
၂၀း၃၀နာရီ
၃၀.၁၁.၂၀၁၀

Sunday, November 28, 2010

“အတွေးရိုးတည်လျက် ကြေးအိုးဆီချက်”

3 comments
မနေ့ညက ကျွန်မနဲ့ စာရေးဆရာ ကြေးအိုးဆီချက် လုပ်စားဖြစ်ပါတယ်။ ကျွန်မက ကြေးအိုး အလွန် ကြိုက် ပါတယ်။ စာရေးဆရာကတော့ ကြိုက်တယ် မဟုတ်ပေမယ့် ကျွန်မကြိုက်လို့ စားမယ်ဆိုရင် အမြဲ ကျွန်မနဲ့ အတူ လိုက်စားပေးတတ် ပါတယ်။ ခုလည်း ကျွန်မချက်တဲ့ ကြေးအိုးကို မငြီးမငြူ လိုက်စားပေးပြန်ပါတယ်။

တကယ်တော့ အချက်အပြုတ် ပညာရှင်ကြီး မဟုတ်တဲ့ ကျွန်မ အနေနဲ့ ရန်ကုန်က Y.K.K.O ၊ ရွှေယုန်လေး၊ ရွှေတောင်တန်း၊ အောင်မြင့်မိုရ်၊ ယူဂျီးနီးယား စတဲ့ ဆိုင်တွေက စားဖိုမှူးတွေလို အဆာပလာ စုံစုံနဲ့ ကြေးအိုး ဆီချက်မျိုး မလုပ်တတ်ပေမယ့် ကျွန်မနဲ့ ကျွန်မခင်ပွန်း စားလို့ဖြစ်ရုံ ကြေးအိုးဆီချက်မျိုးတော့ ကျွန်မ အတွေး ရိုးရိုးနဲ့ပဲ ချက်တတ် ပါတယ်။ ရံဖန်ရံခါ ထမင်းဟင်းတွေ စားလို့  ငြီးငွေ့တဲ့အခါမျိုးမှာ အခုလိုပဲ အပြောင်းအလဲလေး ဖြစ်အောင် ကြေးအိုးဆီချက်ကို လုပ်စား တတ်ပါတယ်။

စာရေးဆရာကတော့ ကျွန်မ ကြေးအိုးဆီချက် လုပ်စားမယ် ပြောတော့ အရင်ကတည်းကလည်း ကျွန်မ လက်ရာ စားဖူးလို့ မငြင်းပါဘူး။ ဒီပို့စ်လေးကို ကျွန်မတင်မယ်လုပ်တော့ ခေါင်းစဉ်ကိုတောင်မှ သူပဲ ရွေးပေးတာပါ။ ကျွန်မက အတွေးရိုးရိုးနဲ့ ကြံရွှယ်ပြီး တတ်သလောက် မှတ်သလောက် ချက်ထားတဲ့ ကြေးအိုးဆီချက်မို့ 'အတွေးရိုးတည်လျက် ကြေးအိုးဆီချက်' လို့ ဒီပို့စ်ကို သူ နာမည် ပေးလိုက်ပါတယ်။

ဒါက စာရေးဆရာ ပန်းကန်၊ သူကနည်းနည်းပိုများတယ်

  ဒါလေးက ကျွန်မစားဖို့ Happy Emoticons

ကြေးအိုးဆီချက်နဲ့ တွဲစားဖို့ ကြေးအိုးပြုတ်ရည်နဲ့ အချဉ်



Saturday, November 27, 2010

“ဈေးဝယ်ရတာ ကျေနပ်စရာ”

4 comments


ဒီနေ့တော့ စာရေးဆရာ အလုပ်နားရတဲ့ ရှားရှားပါးပါး စနေနေ့ လေးလေ။ ပုံမှန်ရက်တွေဆို သူ့ခမျာ အလုပ် သွားဖို့ နံနက် ငါးနာရီခွဲဆို အိပ်ရာက ထရပါပြီ။ ကျွန်မ မှာလည်း အိပ်ယာကထပြီး စာရေးဆရာ နံနက်စာ စားဖို့ ထမင်းကြော်၊ ခေါက်ဆွဲသုပ်၊ ကော်ဖီနဲ့ မုန့် စတာတွေကို တစ်ခုမဟုတ်တစ်ခု ပြင်ဆင်ပေးရပါတယ်။ နေ့လယ်စာ ထမင်းဘူးလည်း ပြင်ပေးရပါတယ်။ စာရေးဆရာက ရုံးမှာ ထမင်း ၀ယ်စားလေ့ မရှိပါဘူး။ သူက တရုတ်ဆိုင်တွေက ၀ယ်စားရတာ မကြိုက်ပါဘူး။ အရင်ကတည်းက လည်း ပြင်ပအစားအစာ စားလေ့ မရှိပါဘူး။ အိမ်ထမင်း အိမ်ဟင်းကိုသာ ခုံခုံမင်မင် စားလေ့ရှိပါတယ်။ ကျွန်မကတော့ ငယ်စဉ်ကတည်းက လမ်းမှာ တွေ့ရာမုန့်၊ တွေ့ရာ အစားအစာ စားရတာကို အလွန် သဘောကျပါတယ်။ ဒီနေ့ သူ အလုပ် မသွားဘူး ဆိုတော့ ထမင်းဘူးရော၊ နံနက်စာပါ ပြင်ပေးစရာ မလိုဘူးပေါ့။ ဒီတော့ ကျွန်မလည်း နေမြင့်တဲ့ အထိ အားရအောင် အိပ်ပါတော့တယ်။

အိပ်ရာက ထပြီးတော့ ကျွန်မတို့ဇနီးမောင်နှံ အိမ်နားက ကော်ဖီဆိုင်မှာ နံနက်စာ သွားစားကြပါတယ်။ စားပြီးတော့ ဈေးသွားဝယ်မယ်ပေါ့။ SHENG SIONG ရောက်တော့ ဘာချက်ရင် ကောင်းမလဲ စဉ်းစား ပါတယ်။ ဒီနေ့ အလုပ်နားရက် ဖြစ်တော့ ကြေးအိုးလုပ်စားဖို့ ကြံရွယ်လိုက်ပါတယ်။ ဒီတော့ ကျွန်မလည်း ၀က်သား၊ ၀က်အူချို၊ မုန်ညင်းစိမ်း စတာတွေနဲ့ နောက်ရက်အတွက် ဟင်းချက် စရာလေးတွေ ၀ယ်ပါတယ်။ စာရေးဆရာကလည်း ခြင်းတောင်းလေးဆွဲပြီး နောက်က လိုက်ပါတယ်။ အိမ်အတွက် အခြား လိုအပ်တာ လေးတွေ ၀ယ်ရအောင် လိုက်ကြည့်တော့ ဟင်းပန်းကန်လေးတွေ တွေ့တာနဲ့ ချစ်စရာလေးတွေမို့ ကျွန်မလည်း စိမ်ပြေနပြေ ရွေးပါတော့တယ်။ ကျွန်မက အကျင့် တစ်ခုရှိပါတယ်။ ဈေးဝယ်ရင် ပစ္စည်းရွေးတာ အရမ်းကြာပါတယ်။ ကိုယ်က လှတယ်ထင်ပြီး ရွေးလိုက်၊ ပြီးရင် ကိုယ်မရွေးထားတာက ပိုလှတယ်ထင်ပြီး လက်ထဲက ပထမရွေး ထားတာကို ပြန်ချ၊ အသစ်တစ်ခုကို ပြန်ရွေးနဲ့၊ ချလိုက် ရွေးလိုက် အကြာကြီး လုပ်နေ တတ်ပါတယ်။ အဲဒီတော့ ခုလည်း ကျွန်မက ပန်းကန်တွေကို ချလိုက်၊ ရွေးလိုက်နဲ့ လုပ်နေ ပြန်တာပေါ့။ စာရေးဆရာ ကလည်း နောက်နားကနေ ခြင်းတောင်းလေးချပြီး ငုတ်တုတ်ထိုင်စောင့်ပါတယ်။

ဒါကို ဈေးလာဝယ်တဲ့ ကုလားမကြီး တစ်ယောက်က တွေ့တော့ စာရေးဆရာကို ကြည့်ပြီး တော်တော် မောနေလား လို့မေးပါတယ်။ စာရေးဆရာကလည်း ရယ်နေပါတယ်။ ပြီးမှ စာရေးဆရာက ကုလားမကြီးကို ကျွန်မ ပစ္စည်းရွေးနေတာ ကြာလို့ သူစောင့်နေတဲ့အကြောင်း ပြောပြတော့ ကုလားမကြီးက မင်းဟာ ခင်ပွန်းကောင်းပဲ၊ တချို့တွေဆို မြန်မြန်လုပ် မြန်မြန်လုပ်နဲ့ သူတို့ မိန်းမ ဈေးဝယ်တာ ကြာတာကို ပြောတတ် ကြတယ်။ ဒါကြောင့် မင်းမောနေလားလို့ ငါမေးတာပေါ့ ဆိုပြီး စာရေးဆရာကို ပြောပါတယ်။

ခဏနေတော့ ကုလားမကြီးက မင်းတို့ မြန်မာလားလို့ ဆက်မေးပါတယ်။ စာရေးဆရာရော ၊ ကျွန်မပါ ဟုတ်ပါတယ် လို့ ဖြေလိုက်ပါတယ်။ ကုလားမကြီးက မင်းတို့ အိမ်ဝယ်ထားတာလား လို့ မေးတော့ စာရေးဆရာက မဟုတ်ပါဘူး၊ ငှားနေပါတယ် လို့ ဖြေလိုက်ပါတယ်။ ကုလားမကြီးက PR လားလို့ ဆက်မေး ပါတယ်။ စာရေးဆရာက S Pass ပါလို့ ဖြေတော့ ကုလားမကြီးက ဒါဆို နောက်ဆို PR ဖြစ်မှာပေါ၊့ PR ဖြစ်ရင် အိမ်ကောင်းကောင်း ၀ယ်လေ လို့ပြောပြီး ထွက်သွားပါတယ်။ စာရေးဆရာက လည်း ကျေးဇူးတင်ပါတယ် လို့ ပြန်ပြောလိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလို လူမျိုးခြားတစ်ယောက်က ကျွန်မတို့နဲ့ တစ်ခါမှ မသိဘဲ ဈေးဝယ်လာရင်း ခဏလေး တွေ့ရုံနဲ့ ကျွန်မတို့ အတွက် ကောင်းစေချင်လို့ ဆုတောင်းသလို ပြောသွားတာကို အတော်ပဲ ၀မ်းသာမိ ပါတယ်။ အတိတ်နိမိတ်ကောင်း လို့လည်း ယူဆမိပါတယ်။ တချို့ဆို ကိုယ့်မြန်မာ အချင်းချင်းလည်း ဖြစ်၊ ခင်မင်ရင်းစွဲ ရှိပြီးသားလည်း ဖြစ်တာတောင် နှိမ်ချင်သလိုလို ပြောဆို ပြုမူပြောဆို နေတာတွေကို မကြာခဏ တွေ့ကြုံ ခံစားရ ပါတယ်။ အဲဒီ့အကြောင်းနဲ့ ပတ်သက်လို့ တောင်မှ စာရေးဆရာက သူ့ဘလော့ 'အဖြူရောင်လမ်းကလေး' မှာ 'သူအရင်၊ ငါအရင်၊ ဟိုအရင်' ဆိုပြီး ပို့စ် တင်ထားဖူး ပါသေးတယ်။

ကျွန်မတို့ နှစ်ယောက်လည်း ကုလားမကြီး ပြောစကားကို သဘောကျပြီး ပြန်လာခဲ့ကြ ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီနေ့ ဈေးဝယ်ရတာ ဒီကုလားမကြီး ပြောတဲ့ စကားနဲ့တင် တော်တော်ကျေနပ်ဖို့ ကောင်းသွား ပါပြီ။           ။

Friday, November 26, 2010

“အပျော်များနဲ့ ညစာ”

2 comments
မနေ့က ဘဲသားနဲ့ ပုဇွန်ချဉ်က အကြောမတက်ရှာဘူး ဆိုတော့ ဒီနေ့တော့ ၀က်သားနဲ့ ပုန်းရည်ကြီး ချက်ပြန် ပါတယ်။ ပုဇွန်ချဉ်၊ ပုန်းရည်ကြီး၊ မျှစ်၊ ဒညင်းသီး စတာတွေက ငယ်ငယ်ကတည်းက ကျွန်မ အလွန်ကြိုက် ခဲ့တဲ့ အစားအစာတွေလေ။ ခုလည်း ကျွန်မ အဘိုးလေး ရန်ကုန်က ပြန်လာတုန်းက ကျွန်မအမေ ထည့်ပေး လိုက်တဲ့ ပင်ပျိုရွက်နု ပုန်းရည်ကြီး ထုပ်ကလေးတွေ ရှိနေပြီး ၀က်သားကလည်း အဆင်သင့် ဖြစ်နေတာနဲ့ ချက်လိုက် ပါတော့တယ်။


နောက်ပြီး အိမ်မှာ အရင်ရက်က ၀ယ်ထားပြီးသား အဆင်သင့်ရှိနေတဲ့ ပန်းဂေါ်ဖီလေးကို ကြော်လိုက် ပါတယ်


ပြီးတော့ လွန်ခဲ့တဲ့တစ်ပတ် City Hall သွားတုန်းက ၀ယ်ထားတဲ့ ပဲကြီးကို ဟင်းချိုချက်ပြီး ဆူးပုတ်ရွက်လေး အုပ်၊ ဆီချက်လေး ခတ်လိုက်ပါတယ်။


အဲဒီ့ဟင်းတွေ အားလုံးလည်း ချက်ပြီးရော စာရေးဆရာ ရုံးကပြန်အလာကို စောင့်ရပါတယ်။ စာရေးဆရာ က သူ့ရုံးက ရုံးကားနဲ့ ပြန်လာနေကျမို့ ကျွန်မလည်း သူ့ရုံးကား ရပ်လေ့ရှိတဲ့ ကျွန်မတို့ တိုက်ရှေ့နားမှာ သွားစောင့် ပါတယ်။ ရုံးကား ရောက်လာပြီး သူနဲ့ ကျွန်မလည်းတွေ့ရော ဒီည ဘာချက်လဲ လို့ တန်းမေးပါတယ်။ ကျွန်မက ၀က်ပုန်းရည်ချက်တယ် လည်း ပြောရော သူတော်တော် သဘောကျသွားပါတယ်။

စာရေးဆရာက ကျွန်မဘာချက်ချက် မငြီးမငြူ စားလေ့ရှိတဲ့သူပါ။ သူ့ရဲ့ ပါရမီဖြည့်ဖက်လေးကိုလည်း အပြစ်တင်ခဲပါတယ်။ ဒီဝက်ပုန်းရည်ကို သူကြိုက်တယ်ဆိုတော့ ကျွန်မတို့နှစ်ယောက် မစားရသေး ပေမယ့် ပျော်မိပါတယ်။ ကျွန်မလည်း ပင်ပန်းရကျိုး နပ်သွားပါတယ်။ ဒီထက် ပိုပျော်စရာကောင်းတာ ကိုတော့ သူက ကျွန်မကို ဓါတ်လှေကားထဲ ရောက်မှ ပြောပါတယ်။ မနက်ဖြန် သူအလုပ် မဆင်း ရဘူးတဲ့။

ကျွန်မပျော်ရတာ အကြောင်းရှိပါတယ်။ ကျွန်မ စင်္ကာပူရောက်ပြီး ဒီနေ့ အထိ နေလာတဲ့ကာလ အတွင်း မှာ စာရေးဆရာ တစ်ပတ်မှာ တစ်ရက် နားရတယ်ဆိုတာ ခပ်ရှားရှားပါ။ သူလုပ်နေတဲ့ အလုပ်က Project အသစ်ကြီး ဖြစ်နေတာကြောင့် ကျွန်မ စင်္ကာပူ မရောက်ခင် ကတည်းက အလုပ်ထဲမှာ သူ မြုပ်နေတာ ကြာပါပြီ။ ကျွန်မရောက်ပြီးတဲ့ ကာလအတွင်းမှာ တောင်မှ တစ်ခါတလေ တစ်လလုံးမှာ သူတစ်ရက်ပဲ နားရတဲ့ လတွေ ရှိပါတယ်။ ဒီတော့ ပြောရရင် ကျွန်မနဲ့သူ တစ်ရက်တလေ အေးအေး ဆေးဆေး တွေ့ဖို့တောင်မှ အချိန်က မနည်းလု နေရပါတယ်။

အခု သူ ခဏ နေရာပြောင်းပြီး  သွားလုပ်ပေးနေတဲ့ Project အသေး လေးမှာ အလုပ်တွေလည်း ပြီးခါနီးတာ ကြောင့် စနေနားရမယ်လို့ သိရပါတယ်။ စနေနားပြီဆိုရင် တနင်္ဂနွေပါ ပိတ်တာမို့ ဒီတစ်ပတ်တော့ စာရေးဆရာနဲ့ ကျွန်မ နှစ်ရက်ကြီးများတောင် အေးအေးဆေးဆေး နေရပါတော့မယ်။ ဒါကြောင့်မို့ ကျွန်မ တော်တော် ပျော်မိတာပါ။ တကယ်တော့ စနေအလုပ်ဆင်းရင် OT ရတာပါ။ စနေ အလုပ်မရှိဘူး ဆိုရင် အဲဒီ့အတွက် ပိုက်ဆံ မရဘူးပေါ့။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ကျွန်မတို့ နှစ်ယောက် ကြားမှာ ငွေကြေးထက် ပိုပြီး တန်ဖိုးထား ကျေနပ်ရမယ့် အရာတွေရှိပါတယ်။ အခုလို နှစ်ယောက် အတူတူ အေးအေးဆေးဆေး နေနိုင်တာကိုတော့ ပိုပြီး တန်ဖိုးထားမိ ပါတယ်။ ဒါကြောင့်လည်း ငွေမရတဲ့ ကြားက OT မလုပ်ရတာကိုပဲ ကြံဖန်ပြီး ပျော်နေမိသေးတယ်။

အဲဒီ့အပျော်တွေနဲ့အတူ ကျွန်မချက်ထားတဲ့ ၀က်ပုန်းရည်၊ ပန်းဂေါ်ဖီကြော်၊ ပဲကြီးဟင်းချိုတို့နဲ့ ညစာကို စား ကြမှာလေ။ ပြီးတော့ စာရေးဆရာက ပြောသေးတယ်။ ဒီည ကျွန်မနဲ့သူ မထိုင်တာကြာပြီဖြစ်တဲ့ ကော်ဖီဆိုင် လည်း သွားထိုင်ကြမယ်တဲ့။ စာဖတ်သူလည်း ကျွန်မတို့ရဲ့ အပျော်လေးတွေကို ကူးစက် ခံစား ရရှိနိုင်ပါစေ။  ။

Thursday, November 25, 2010

“မေတ္တာဟင်းချိုပါတဲ့ ထမင်းပွဲ”

3 comments
သည်နေ့တော့ မနက်ကတည်းက ဘာချက်စားရင် ကောင်းမလဲ စဉ်းစားနေတာ။ စာရေးဆရာ အလုပ် မသွားမီ ကျွန်မက 'ဒီနေ့ ဘာဟင်းစားမလဲ' လို့ မေးတော့ သူက 'အိမ်မှာ ဘာဝယ်ထားတာ ရှိလဲ' လို့ ပြန်မေးပါတယ်။ ကျွန်မလည်း ရှိသမျှ ရွတ်ပြတော့ 'ဘဲသားချက်ပေါ့' လို့ ပြန်ပြောပြီး အလုပ်သွားပါ တော့တယ်။ 

ဒါနဲ့ နေ့လယ်မှာ ကျွန်မလည်း ဘဲသားဟင်း ချက်ဖို့ပြင်ပါတယ်။ အဲလို ပြင်ရင်း ပုဇွန်ချဉ်တစ်ထုပ် ကျန်နေတာ သွားတွေ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကျွန်မ အဘိုးလေး (အဘွားရဲ့မောင်) ရန်ကုန်က ပြန် လာတော့ အိမ်က အဘိုးက ကျွန်မ အလွန်ကြိုက်တဲ့ ပုဇွန်ချဉ်နှင့် ငါးဖယ်ချဉ်များ ထည့်ပေးလိုက် ပါတယ်။ အဲဒီ့တော့ ကျွန်မလည်း အကြိုက်တွေ့ပြီး တစ်ထုပ်ပြီး တစ်ထုပ် သုပ်စား နေတာ ခုတော့ နောက်ဆုံး လက်ကျန် တစ်ထုပ်ကို တွေ့တာပါပဲရှင်။ ဒီတော့ ဒီနေ့ညစာကို ပုဇွန်ချဉ်ပါ သုပ်စားဖို့ ပြင်ပါတယ်။ 

အရည်သောက်လေးလည်း ချက်ဦးမှ ဆိုတော့ တခြား ထူးထူးထွေထွေ ၀ယ်ထားတာ ဘာမှ မရှိတာနဲ့ စာရေးဆရာ အကြိုက် ဘာဟင်းချိုလို့ ခေါ်ရမှန်း မသိတဲ့ ကျွန်မ ခဏခဏချက်ပေးရတဲ့ ဟင်းချိုလေးပဲ ချက်ဖို့ ကြံရွယ်လိုက် ပါတယ်။ အမှန်တော့ တစ်ခါမှာ ကျွန်မက အရည်သောက် ဘာချက်ရမှန်း မသိတာနဲ့ အိမ်မှာရှိတဲ့ Knorr ကြက်သားမှုန့်တုံးရယ်၊ မုန်ညှင်းရယ်၊ ပြောင်းဖူး သေးသေးလေးတွေရယ် ကို ရောပြီး ဟင်းချို ချက်ပေးလိုက်တာ (အလွယ်ပေါ့) ကြိုက်တယ်ဆိုပြီး ခဏခဏ ချက်ခိုင်းတော့တာ ပါပဲ။

ဒီတော့ ဒီနေ့အတွက် ဘဲသားဟင်းရယ်၊ ငါးချဉ်သုပ်ရယ် နဲ့ အဲဒီ့ အသီးအရွက်တွေ ပါတဲ့ ဟင်းချို လေးရယ် ချက်လိုက် ပါတော့တယ်။ ဘဲသားကိုတော့ ဇီရာ၊ ဖာလာစေ့၊ ကရဝေးရွက်၊ သစ်ကြံပိုးခေါက်၊ မဆလာ တို့နဲ့ ရောချက် လိုက်ပါတယ်။ ပုဇွန်ချဉ်လေးကိုလည်း သုပ်ဖို့ အသင့်ပြင်ထား ပါတယ်။ စားခါနီးမှာ သုပ်စားမှာပါ။ ဘာမှန်း မသိတဲ့ ဟင်းချိုလေး အတွက်လည်း ပြင်ထားရပါသေးတယ်။ ရေဆူအောင်တည် Knorr ကြက်သားမှုန့်တုံး တစ်ဝက်ထည့်၊ ပြီးတော့ ပြောင်းဖူးလေးတွေကို တစောင်းလေး လှီးထည့်ပြီး ဆူအောင် ပြန်တည်ပါတယ်။ မုန်ညှင်းနဲ့ ကြက်ဥတို့ဟူး (ကျွန်မကြိုက်၍ ထပ်ဖြည့်ထည့်သော) ကိုတော့ စားခါနီးမှာ ဟင်းရည်ပူအောင် ပြန်နွှေးပြီးမှ ထည့်စားမှာပါ။

ဒါလေးကတော့ ဘဲသားဟင်း ပါ

ကျွန်မအကြိုက် ပုဇွန်ချဉ်သုပ်လေး

 

ဟင်းချိုထဲထည့်မယ့် အဆာလေးတွေ


ညစာ စားခါနီး ပူပူနွေးနွေး ဟင်းချိုလေး တစ်ခွက်



ဒီပို့စ်လေးကို ရေးပြီး တင်ခါနီးမှာ ခေါင်းစဉ်ဘယ်လို ပေးရမယ်မှန်း စဉ်းစားမရတာနဲ့ စာရေးဆရာကို တိုင်ပင် မိပါတယ်။ ဒီတော့ သူက ဘာတွေ ရှည်ရှည်ဝေးဝေး စဉ်းစားနေတာလဲ၊ ဟင်းချို နာမည်ကိုပဲ ခေါင်းစဉ် ပေးလိုက်ပေါ့ လို့ပြောပါတယ်။ ဟောတော့၊ ခက်ပြီ။ ဟင်းချိုကိုက နာမည်မှမရှိတာ၊ ကိုယ့်ဘာသာ ရှိတာ လေး နဲ့ စားကောင်းအောင် ချက်ထားတဲ့ ဟင်းလေ လို့ ပြောတော့ စာရေးဆရာက ဟုတ်တယ်လေ တဲ့။ သူ့ ကို စားကောင်းစေချင်လို့ ရှိတာလေးနဲ့ ဟင်းဖြစ်အောင် မေတ္တာ ရောပြီးချက်ထားတဲ့ 'မေတ္တာဟင်းချို' လေတဲ့။ ဒီတော့ ကျွန်မလည်း သဘောကျ သွားပါတယ်။ ဟုတ်ပါတယ်။ ကျွန်မ ဟင်းချက်ရင် ကိုယ့်ခင်ပွန်း ကို ခံတွင်းတွေ့စေချင်တဲ့ စေတနာနဲ့ မေတ္တာ ထည့်ချက်ပါတယ်။ ဒါကြောင့် ဒီဟင်းချိုလေး နာမည်ဟာ 'မေတ္တာဟင်းချို' ဖြစ်သွားပါတယ်ရှင်။


ဒီလိုနဲ့ပဲ ဒီညမှာတော့ 'မေတ္တာဟင်းချို' ပါတဲ့ ထမင်းပွဲကို ကျွန်မနဲ့ ကျွန်မခင်ပွန်း အတူတူ စားဖြစ်ခဲ့ကြ ပါ တော့တယ်။

Wednesday, November 24, 2010

“ရိုးရိုးလေး ဟင်းတစ်ခွက်”

0 comments
စာရေးဆရာဆီ လိုက်လာပြီးကတည်းက ၀က်သား၊ ကြက်သား၊ ကင်းမွန်၊ ပုဇွန် ဒီလေးမျိုးပဲ လည်နေတာ။ ဖြစ်ချင်တော့ ကျွန်မက ပင်လယ်စာနဲ့ မတည့်တဲ့ ရောဂါရှိတယ်။ ပင်လယ်စာများ စားလိုက်ပြီဆို လက်တွေ၊ ခြေတွေမှာ ယောင်ကိုင်း တက်လာရော။ လူကြီးတွေကတော့ သွေးမှင် လို့ပြောတယ်။ ဗမာ အယူအဆပေါ့။ အနောက်တိုင်း ဆရာဝန်က သွေးပြန်ကြောပိတ်တာ၊ Allergy လို့ပြောတယ်။ ငယ်ငယ်ကတည်းက ခဏခဏ ဖြစ်တတ်ခဲ့တာ။ ဒါပေမဲ့ ရန်ကုန်မှာ က ရေချို ငါး၊ ပုဇွန် ဆိုတော့ ဖြစ်ခဲတယ်။ ဒီက ငါးပုဇွန် တွေက ပင်လယ်ငါး ပုဇွန်တွေ ဆိုတော့ ခဏခဏ စားတိုင်း ဖြစ်နေရော။ ဖြစ်ပြီဆို ခြေထောက်မှာ ဖြစ်ရင် လမ်းက လျှောက်လို့ မရတော့ဘူး။ ဒါကြောင့် နောက်ပိုင်း သိပ်မစားရဲ တော့ဘူး။ ရံဖန်ရံခါမှပဲ ချက်ဖြစ်တယ်။ ပင်လယ်စာ တတ်နိုင်သလောက် ရှောင်ကြတယ်။ ကိုယ်ကရှောင်တော့ စာရေးဆရာလည်း ရှောင်ရတာ ပေါ့။ ဒါကြောင့် တစ်နေ့တစ်နေ့ ချက်စရာက ကြက်သားနဲ့ ၀က်သားပဲ ကျန်တော့ တယ်။

အရင်ရက်တွေက အသားဟင်းတွေပဲ ချက်ဖြစ်နေတော့ ဒီနေ့တော့ မစားချင်တော့တာနဲ့ ကြက်ဥကြော်စား ပါတယ်။ ကြက်ဥကို ဆူးပုတ်ရွက်နဲ့ ကြော်တာပါ။ ငယ်ငယ်က အိမ်မှာ အဘွားက ခဏခဏ ကြော်ပေးတတ် ပါတယ်။ နောက်ပြီး အရည်သောက်လေး ချက်မယ်စိတ်ကူးတယ်။ စာရေးဆရာက ထမင်းစားရင် အရည် မပါရင် မစားတတ်သူပါ။ အိမ်မှာ ဘာရှိလဲ ကြည့်တော့ ရန်ကုန်က အမေပို့ထားတဲ့ Tom Yum အနှစ်ထုပ် လေးတွေ ရှိနေတာနဲ့ Tom Yum ဟင်းလေး ချက်ဖြစ်ပါတယ်။ (ဒီမှာ Tom Yum အနှစ်ဘူး တွေ တွေ့ပေမယ့် ရန်ကုန်မှာကတည်း က စားနေကျလည်းဖြစ်၊ အရသာလည်း ကြိုက်တဲ့ တံဆိပ်ကို အမေက ထည့်ပေးလိုက်လို့ပါ)။ Tom Yum လေးဆို ပုဇွန်လေးနဲ့ ချက်မှ ကြိုက်တာ ဆိုတော့ ဟိုးလွန်ခဲ့တဲ့ ရက်တော်တော် ကြာကြာ (နောက်ဆုံးအကြိမ် မှင်မဖြစ်မှီ) က၀ယ်ထားတဲ့ ပုဇွန်လေး နည်းနည်း ကျန်တာနဲ့ ထည့်ချက်လိုက် ပါတယ်။ တစ်ကောင်နှစ်ကောင် လောက် စားတာတော့ ခြေလက်တွေ မယောင်လောက်ဘူး ထင်ပါရဲ့နော် :-P ။ တစ်လက်စတည်း စာရေးဆရာ အကြိုက် ချဉ်ပေါင်ကြော်လေးလည်း ကြော်ထားလိုက် ပါတယ်။ သူက သိပ်ကြိုက်တယ် လေ။ ဘာဟင်းနဲ့ ထမင်းဘူး ထည့်ပေးပေး ချဉ်ပေါင်ကြော် လေး ပါရင် ပိုစားကောင်း တတ်ပါတယ်။
 
ဒီလိုနဲ့ပဲ ရိုးရိုးလေးဟင်းတစ်ခွက်တွေ ဖြစ်လာခဲ့ပါတယ်။

ဒါကတော့ Tom Yum ဟင်းထဲ ထည့်မယ့် အဆာပလာတွေပါ။


ဒါလေးကတော့ စာရေးဆရာနဲ့အတူစားမယ့် ညစာအတွက် Tom Yum ဟင်းတစ်ခွက်ပေါ့။


ဒါကတော့ ကြက်ဥကို ဆူးပုတ်ရွက်နဲ့ ကြော် ထားတာပါ။ စားခါနီး ပူပူနွေးနွေး ကြော်စားပါတယ်။


ဒါလေးက စာရေးဆရာ နောက်ရက်တွေ စားဖို့ သူ့အကြိုက် ချဉ်ပေါင်ကြော်လေးပါ။ ဒီလိုလေး ဘူးလေးနဲ့ ထည့်ထား ပေးလိုက်ရင် လေးငါးရက်တော့ စားရော။

Related Posts Plugin for WordPress, Blogger...