Thursday, December 30, 2010

“နန်းကြီးသုပ်”

5 comments
ဒီနေ့တော့ ဟင်းချက်မစားချင်တာနဲ့ နန်းကြီးသုပ် သုပ်စားဖြစ်တယ်ရှင့်။ ကျွန်မက ည၊ မနက် စားနိုင် ပေမယ့် စာရေးဆရာကတော့ ထမင်းမစားရရင် မတင်းတိမ်သူဆိုတော့ ညစာမှာ နန်းကြီးသုပ် မစားနိုင် တော့ဘူး။ ဒီတော့ ထမင်းချက်ပေးရတယ်။ ထမင်းစားချင်ရင် နန်းကြီးသုပ်ထဲထည့်တဲ့ ကြက်သားဟင်းနဲ့ ဖြစ်ဖြစ် စား ဆိုတော့လည်း အဲဒီလိုကြီး မစားတတ်ဘူးတဲ့။ သူ့ဘာသာ လက်ဖက်သုပ် သုပ်စားမယ် ဆိုပဲ။ ဒီလိုဆိုလဲ သဘောပေါ့နော်။ ကျွန်မကတော့ ည၊ မနက် တစ်နေကုန် နန်းကြီးသုပ်ပဲ တီးပစ် လိုက်တယ်။

ကျွန်မ နန်းကြီးသုပ် လုပ်ပုံလေးကတော့ ကြက်သားကို ရေဆေးပြီး ဂျင်း၊ ငံပြာရည်တို့နဲ့ နယ်၊ အိုး တစ်လုံးမှာထည့် ပြုတ်ပါတယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းထားတယ်။ နောက်ပြီး ကြက်သွန်နီကို ပါးပါးလှီးပြီး ဆီချက် ချက်ထားတယ်။ ဒယ်အိုးထဲကို နောက်ထပ် ဆီနည်းနည်း ထည့်ပြီး ဆီပူအောင် လုပ်တယ်။ ပြီးမှ ပန်းကန်ထဲ လောင်းထည့်၊ ငရုတ်သီး အရောင်တင်မှုန့် ထည့်ပြီး ငရုတ်သီး ဆီချက်လေး လုပ်ထား တယ်။  ကြက်ဥပြုတ်ပြီး အခွံ ခွာထားတယ်။ ကြက်သား ပြုတ်ထားတာ နူးရင် အသားကို ခပ်သေးသေး နွှင်ထားပါတယ်။ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် ဆနွင်းမုန့် နည်းနည်းထည့်ပြီး ကြက်သွန်ဖြူ၊နီ၊ ဂျင်းထောင်းထားတာ ထည့် ဆီသပ်၊ အရောင်တင်မှုန့်ပါ ထည့်သပ်၊ ကြက်သွန် ကျက်ရင် ကြက်အသားနွှင်ထားတာ ထည့်ပြီး၊ အချိုမှုန့်နဲ့ ငံပြာရည် ထည့်ပြီး ဆီပြန်အောင် ချက်လိုက် ပါတယ်။ ကြက်သွန်နီ နည်းနည်းကို ပါးပါးလှီးပြီး ရေဆေး၊ ရေစစ်ထား ပါတယ်။ 

ဟင်းရည်အတွက်ကတော့ အသားနွှင်ပြီးသားအရိုးကို ကြက်ပြုတ်ရည်အိုးထဲ ပြန်ထည့်ပြီး ဆက်တည် ထားပါတယ်။ ကြက်သွန်နီ ဆီချက်ထဲက ကြက်သွန်ကြော်ဖတ် နည်းနည်းထည့်ပြီး တည်ပါတယ်။ ဟင်းရည် ကျလာရင် အပေါ့အငံပြင်တယ်။ အရသာ အနေတော်ဖြစ်ရင်  တရုတ်နံနံ အုပ်ပါတယ်။

နန်းကြီးဖတ် အတွက်ကတော့ Laksa တစ်ထုပ်ကို ရေနွေးနဲ့ ပြုတ်ပြီး ရေအေးနဲ့ ပြန်ဆေး၊ ဇကာနဲ့ စစ်ထားပါတယ်။ Laksa က နန်းလတ်အရွယ်ပါ။ ကျွန်မက နန်းကြီးသုပ်ဆို နန်းလတ်နဲ့ သုပ်တာကို ပိုကြိုက်ပါတယ်။

ပန်းကန်တစ်လုံးမှာ နန်းကြီးဖတ်၊ ကြက်သွန်ကြော် ဆီချက်၊ ငရုတ်သီး ဆီချက်၊ ကြက်သားဟင်း၊ ပဲမှုန့်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ကြက်သွန်စိမ်း စတာတွေထည့်၊ သံပုရာရည်ညှစ်၊ ကြက်ဥကို ပါးပါးလှီး ထည့်ပြီး အပေါ့အငံ အနေတော်ဖြစ်အောင် သုပ်ပါတယ်။

ဒါဆိုရင်တော့ နန်းကြီးသုပ်နဲ့ ကြက်ရိုးပြုတ် ဟင်းချိုလေး စားလို့ရပြီပေါ့ရှင်။

 နန်းကြီးသုပ်ဖို့ ပွဲပြင်ထားတာလေး


ဒါလေးက သုပ်ပြီးသား၊ စားရန်အဆင့်သင့်







ကြက်ရိုးပြုတ်ဟင်းချိုလေး



Wednesday, December 29, 2010

“ခင်ပွန်းရဲ့လက်ရာ၊ အားလပ်ရက် ဟင်းလျာ”

4 comments
 စာရေးဆရာတစ်ယောက် သူလုပ်နေတဲ့ Project မှာ အလွန် အလုပ်များနေတာကြောင့် တစ်နှစ်လုံး ခွင့်မယူဘဲ နေလာလိုက်တာ နှစ်ကုန်ခါနီးမှာ ခွင့်ရက်တွေ အများကြီး ကျန်နေပါတယ်။ Project က အလုပ်တွေလည်း ပါးလာတာကြောင့် နောက်နှစ်ထဲ သယ်ခွင့်မရှိတဲ့ ခွင့်တချို့ကို ရှင်းပစ်ဖို့ သူ့ အထက် အရာရှိကလည်း တိုက်တွန်းလာတာကြောင့် ခွင့်လက်ကျန်ရှင်းတဲ့ အနေနဲ့ ဒီတစ်ပတ်လုံး ခွင့်ယူလိုက် ပါတယ်။ တခြားကျန်တဲ့ ခွင့်ရက်ကိုတော့ နောက်နှစ်ရမယ့် ခွင့်ရက်နဲ့ ပေါင်းဖို့ ချန်ထားလိုက် တယ်။ ခွင့်ယူထားတော့ သူလည်း ဒီတစ်ပတ်လုံး အနားရနေတာပေါ့ရှင်။

မနေ့ကတော့  စာရေးဆရာက ပြောလာပါတယ်။ အမြဲတမ်း ကျွန်မချက်ကျွေးတာကို သူစားနေရတာ၊ ခွင့်ရတုန်း သူချက်တတ် သလောက် ချက်ကျွေးချင်တယ်တဲ့၊ ကျွန်မ အနားယူပါတဲ့လေ။ ကျွန်မက ဖြစ်မှ ဖြစ်ပါ့မလားပေါ့။ သူက သူ့မိဘအိမ်မှာတုန်းက ကြက်ဥတစ်လုံးတောင် မကြော်ဖူးဘူးလို့ သူ့မိခင်၊ ကျွန်မယောက္ခမ ပြောဖူးလို့ သိထားတော့ နည်းနည်းတော့ လန့်ပါတယ်။ သူက ဖြစ်ပါတယ်တဲ့၊ ကျွန်မ ဒီလိုက်မလာခင်တုန်းက သူ့ဘာသာ ချက်စားတာ ဖြစ်နေတာပဲတဲ့။ စားလည်း စားကြည့်ပါဦး တဲ့လေ။ အဲ - နောက်တော့ ပြောသေး တယ်။ သူချက်နေတုန်းတော့ အနားမှာ လာမရှုပ်နဲ့၊ ဆရာ လာမလုပ်နဲ့တဲ့။ သူက သူ့ Method နဲ့ သူ ချက်မှာ ဆိုပဲ။ တကယ်လည်း ကျွန်မ ၀င်ပြောခွင့်ကို မရပါဘူး။ သူ ဟင်းချက်နေတုန်း မီးဖိုထဲကို ကွန်ပျူတာလေး ယူသွားပြီး အနားမှာ သွားထိုင်နေတာ တောင် သိပ်မကြိုက်ချင်ဘူး။ ဘာမှ လာမပြောနဲ့နော် ဆိုပြီး ကျွန်မကို ထပ် ဟန့်လိုက်ပါသေး တယ်။ ဒီတော့ ကျွန်မလည်း ဘာဆို၊ ဘာမှ ဆရာလုပ်ခွင့်မရဘဲ သူဟင်းချက်နေတုန်း ငြိမ်ငြိမ်လေး ထိုင်ပြီး ဟိုဘလော့၊ ဒီဘလော့ လည်နေလိုက်ပါတယ်။

သူက ၀က်သားဟင်း ချက်ကျွေးတာပါ။ ကျွန်မမှာလည်း အစားရှောင်နေရတော့ ၀က်သားနဲ့ ကြက်သားပဲ တစ်ရက်ခြားစီ စားနေရတာကိုး။ ထမင်းအိုးလည်း သူပဲ တည်ပါတယ်။  ဟင်းလည်း ကျက်ရော လာမြည်း ကြည့်ဦး ဆိုတာနဲ့ ကျွန်မလည်း မြည်းကြည့်တယ်။ စာရေးဆရာက ဘယ်ဆိုးလို့လဲရှင့်။ စားကောင်းတယ်။ ကျွန်မဖြင့် အစက ဒီလောက်စားကောင်း လိမ့်မယ်ကို မထင်ဘူး။ ဟင်းပျက်သွားရင် လက်ဖက်သုပ်နဲ့ စားရမလား၊ ကြက်ဥကြော်နဲ့ စားရမလား စဉ်းစား နေတာ။ တကယ်ချက်ပြီးတော့ မဆိုးဘူးပြောရမယ်။ (ဟဲဟဲ- ကျွန်မကိုတော့ ဘယ်မီပါ့မလဲနော် :-P)။  သူ့ချက်နည်းကိုတော့ ပြောမပြနိုင်ဘူးဆိုဘဲ။ ၀က်သားကို အချဉ်နဲ့ ချက်တာ မဟုတ်ဘဲ၊ ရိုးရိုးဆီပြန် ချက်တာဆိုတော့ နည်းနည်းတော့ အီတယ်။ ကျွန်မက ၀က်သားဟင်း တစ်မျိုးတည်းလား။ အကြော်လေး ဘာလေး မပါဘူးလား ဆိုတော့၊ အကြော်တွေ ဘာတွေတော့ မတတ်ဘူး။ ကိုယ့်ဘာသာ ကြော်လေတဲ့။ ဒီတော့ ကျွန်မလည်း မှိုကြော်မယ်ပေါ့။ ၀က်သားဟင်းက အီမှာဆိုတော့ အအီပြေအောင် မှိုကို မကြော်တော့ဘဲ သံပုရည်ရည်ညှစ်ထည့်၊ ငရုတ်သီးစိမ်း လှီးထည့်ပြီး  အရည်လေးနဲ့ ချက်လိုက် တယ်။  တော်သေးတယ်ရှင့်။ မှန်သွားတယ်။ မှိုချဉ်စပ်လေးကြောင့် အအီပြေသွားတယ်။ 

မနေ့ညက ထမင်းစားကောင်းတာနဲ့ ဟင်းချက်ကောင်းလိုက်တာ၊ ၀က်သားဟင်းလေး အရမ်းစားကောင်း တာပဲ လို့ ပြောလိုက်တာ၊ ဒီမနက်တော့ Breakfast အတွက် ထမင်းကြော် ကြော်ကျွေးမယ် လုပ်ပြန်ပါတယ်။  အရင်တုန်းကလည်း ထမင်းကြော် ကြော်ကျွေးမယ်လို့ ခဏခဏ ပြောဖူးပါသေးတယ်။ ခုတော့ အခွင့် သင့်သွားတာပေါ့။ ထုံးစံအတိုင်း သူချက်နေရင် ဆရာလာမလုပ်နဲ့ဆိုတော့ ကျွန်မလည်း အိပ်ခန်းထဲမှာပဲ နှပ်နေလိုက်ပါတယ်။ ထမင်းကြော်ရပြီဆိုမှ ပန်းကန်လေး ပြေးယူတော့၊ အမယ် - ရှယ်ပဲ။ ထမင်းကို ပဲပြုတ်၊ ပြောင်းဖူးစေ့၊ ကြက်ဥ တွေနဲ့ ရောကြော်ထားပြီး၊ ကြက်ဥ အကာကျက် တစ်လုံးစီလည်း ထမင်းကြော်ပေါ်မှာ တင်ထားသေးတယ်။ စားတော့မှ သိရတာက ကြက်သွန်နီ ဆီသပ်နဲ့ ကြော်တာမဟုတ်ဘဲ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ကြော်ထားတာပဲ။ စားလို့တော့ ကောင်းသားရှင့်။ ကျွန်မမှာ မနက်စာကို ဘယ်တော့မှ များများ မစားတတ်ဘူး။ စာရေးဆရာ ထမင်းကြော် ကြော်ကျွေးတဲ့နေ့မှပဲ ထမင်းကြော် တစ်ပန်းကန်လုံး ကုန်သွား ပါတယ်။ သူက ပြောသေးတယ် သူ့လက်ရာကောင်းလို့ အများကြီးစားနိုင်တာတဲ့။ ကျွန်မကလည်း သူ့ကိုပြန်စ လိုက်ပါတယ်။ ထမင်းကြော် ကောင်းလို့ မဟုတ်ဘူး။ ဗိုက်အရမ်းဆာအောင် အဆာခံပြီးမှ စားရလို့ အကုန်ဝင် သွားတာလို့ :-) ။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်လို့ မထင်နဲ့နော်။ တကယ်ကောင်းတာပါ။ ကျွန်မလည်း တော်တော် အပင်ပန်း သက်သာ သွားပါတယ် :-P

စာရေးဆရာချက်တဲ့ ၀က်သားဟင်းလေးပါရှင်။ အထူးစပယ်ရှယ်မို့ ပုံများများတင်လိုက်ပါတယ်။








ကျွန်မချက်တဲ့ အအီပြေ မှိုချဉ်စပ်ဟင်း



ဒါလေးက စာရေးဆရာလက်ရာ မနက်စာ ထမင်းကြော်




ကျွန်မက ကြက်ဥအနှစ်ပေါက်သွားရင် မကြိုက်လို့ အနှစ်မပေါက်တဲ့ ပန်းကန်ကို ကျွန်မစားပါတဲ့ :-)



Tuesday, December 28, 2010

“၀က်သားနဲ့ဂေါ်ဖီကြော်၊ ၁၂ မျိုးဟင်းချို၊ ဆားဘဲဥ”

4 comments
ကျွန်မမှာလည်း ခြေထောက်ယောင်တာက မပျောက်သေးတော့ ငါး၊ ပုဇွန်ဘက်ကို မလှည့်နိုင်ဘဲ ကြက်၊ ၀က်နဲ့ပဲ နှစ်ပါးသွားနေရပါတယ်။ တစ်ခါတလေဆို ထမင်း စားချင်စိတ်တောင် ပျောက်တယ်။ ဟင်းတွေက ထပ်နေလို့။ ဒီတော့ ထပ်ခါထပ်ခါ စားနေရတဲ့ ၀က်သားကို ဆီပြန်ဟင်းကြီး မစားချင်တာနဲ့ ဂေါ်ဖီလေးနဲ့ ကြော်စားပါတယ်။

ဝက်သားကို ခပ်သေးသေးလေးတွေ တုံးပြီး ဆား၊ အချိုမှုန့်နယ်ပြီး ရေနဲ့ နူးသည်အထိပြုတ်ပါတယ်။  ဂေါ်ဖီကို  သင့်သလို လှီးဖြတ်ပြီး ရေဆေးထားပါတယ်။ ၀က်သားနူးရင် ဒယ်အိုးထဲမှာ ကြက်သွန်နီ ပါးပါးလှီးထားတာကို ဆီသတ်ပါတယ်။ ၀က်သားထည့် မွှေပါတယ်။ ဂေါ်ဖီဆေးထားတာတွေ ထည့်ကြော်ပါတယ်။ ဆား၊ အချိုမှုန့် ထည့်ပါတယ်။ ရေနွေးလေး နည်းနည်း ထည့်ပြီး ကြော်ပါတယ်။ ဂေါ်ဖီနူးရင် ပဲငံပြာရည် အနောက်ရည်လေး နည်းနည်း ထည့်မွှေပြီး မီးဖိုပေါ်က ချလိုက်ပါတယ်။

ဝက်သားဂေါ်ဖီကြော်နဲ့ စားဖို့ အရည်သောက်ကတော့ ၁၂ မျိုးဟင်းချိုလေးပါ။ ၀က်အသားနည်းနည်းကို သေးသေးတုံး၊ ကြက်အမြစ်တွေကို သေးသေးတုံးပြီး ဆား၊ အချိုမှုန့်နယ် ပါတယ်။ ပြီးတော့ အသားတွေ နူးသည် အထိရေနဲ့ ပြုတ်ထားပါတယ်။ ၀က်ရိုး တစ်ရိုးကို ရေနဲ့ တစ်နာရီလောက် ပြုတ်ပါတယ်။ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ရွှေပဲသီး၊ ဘိုစားပဲ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး တို့ကို ရေဆေးပြီး သင့်သလို လှီးဖြတ်ထား ပါတယ်။ မှိုခြောက်နဲ့ ပန်းခြောက်ကို ရေစိမ်ပါတယ်။ ပွလာမှ မှိုခြောက်ကို ခပ်သေးသေး ပြန်လှီးဖြတ် ထားပါတယ်။ ပန်းခြောက်ကို အထဲက ၀တ်ဆံထုတ်ပြီး အထုံးလေးတွေ ထုံးထား ပါတယ်။ အားလုံး အဆင်သင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင် ဆီလေးနည်းနည်းထည့်ပြီး ကြက်သွန်ဖြူ၊နီ လှီးထားတာကို ထည့်ဆီသတ်ပါတယ်။ ပြုတ်ထားတဲ့ အသားတွေ ထည့်ပါတယ်။ ပြီးမှ အသီးအရွက်တွေ (ခရမ်းချဉ်သီး မပါ)နဲ့ မှိုခြောက်၊ ပန်းခြောက် ထည့်မွှေပါတယ်။ ဆား၊ အချိုမှုန့်ထည့်ပါတယ်။ ခဏမွှေပြီးရင် အသားနဲ့ အသီးအရွက်တွေ အားလုံးကို ၀က်ပြုတ်ရည်အိုးထဲ ပြောင်းထည့်ပြီး ဆူပွက်အောင် တည်ပါတယ်။ ဆူလာရင် Fish Ball လေးငါးလုံးလောက် ပစ်ထည့်ပြီး ဆက်တည်ပါတယ်။ အရသာမြည်းပြီး အပေါ့အငံ ပြင်ပြီးရင်တော့ ခရမ်းချဉ်သီး ထည့်ပြီး၊ ကြက်ဥ တစ်လုံး ခေါက်ထားတာပါ ထည့်မွှေလိုက်ပါတယ်။ ငရုတ်ကောင်းမှုန့်လေး အုပ်ပြီးရင်တော့ ၁၂မျိုးဟင်းချို လေး ရပါပြီ။ တရုတ်နံနံတော့ ၀ယ်ထားတာ မရှိလို့ မထည့်လိုက်ရတော့ဘူးရှင်။

ဟင်းတွေက အချိုတွေချည်းမို့ အိမ်မှာ အဆင်သင့် ၀ယ်ထားတာရှိတဲ့ ဆားဘဲဥ (ဘဲဥဆားစိမ်) နှစ်လုံး ကမန်းကတန်း ပြုတ်လိုက်ပါသေးတယ်။ ကျွန်မက ဆေးဘဲဥ၊ ဆားဘဲဥ အကုန်ကြိုက်တယ်။ အနှစ်ကို ပိုကြိုက်တယ်။ တစ်ခါတလေဆို ထမင်းဖြူလေး ဆီစမ်းပြီး ဆားဘဲဥလေးနဲ့ စားရတာကို သဘောကျ တယ်။ အငံလေးနဲ့ ဆိုတော့ စားရတာ ပိုမြိန်သွားတယ်ရှင့်။


ဝက်သားနဲ့ ဂေါ်ဖီကြော်




ဒါလေးက ၁၂ မျိုးဟင်းချိုလေး




အအီပြေ ဆားဘဲဥ (ဘဲဥဆားစိမ်)၊ ဘဲဥက မလှတော့ဘူးရှင်၊ ပြုတ်နေတုန်း အိုးထဲမှာ ပေါက်သွားလို့ ;-)



Sunday, December 26, 2010

“ယိုးဒယားသင်္ဘောသီးထောင်း”

7 comments
ကျွန်မလည်း စာရေးဆရာ ရုံးပိတ်ရက်မှာ လမ်းများနေတာနဲ့ အိမ်မှာ ဟင်းတောင် ကောင်းကောင်း မချက်ဖြစ်ဘူး။ ကျွန်မရဲ့ ဘလော့ကလေးမှာလည်း ပို့စ်အသစ်မတင်နိုင်ဘူးပေါ့။ ဒီနေ့ နေ့လယ်တော့ အပြင်က ပြန်လာပြီး စာရေးဆရာနဲ့ အဆာပြေ ဘာလေးများစားရင် ကောင်းမလဲ စဉ်းစားတော့ လွန်ခဲ့တဲ့ သုံးရက် လောက်က သင်္ဘောသီးတွေကို ခြစ်ပြီး ဗူးလေးနဲ့ ရေခဲသေတ္တာထဲ ထည့် ထားခဲ့တာကို သတိရတယ်။ ဒီတော့ ယိုးဒယား သင်္ဘောသီးထောင်းလေး လုပ်စားဖြစ်တယ်။ 

ကျွန်မက ယိုးဒယား သင်္ဘောသီးထောင်း သိပ်ကြိုက်ပါတယ်။ ရန်ကုန်မှာဆို လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်း ထဲမှာ ရောင်းတဲ့ သင်္ဘောသီးထောင်းဆိုင်မှာ သင်္ဘောသီးထောင်းနဲ့ ကြက်ဥကင်ကို ခဏခဏ သွားစား ပါတယ်။ ကျွန်မ ဘိုးဘိုးကဆို အိမ်နဲ့ နီးနီးနားနားက ဆိုင်မှာ မစားဘဲ လှည်းတန်းအထိ သွားစားလို့ ကျွန်မကို အစားကို ဒီလောက်မက်ရလားဆိုပြီး အပြစ်တင်ပါတယ်။ ကျွန်မကလည်း အစားဆို ကောင်းတဲ့ ဆိုင်ကမှ စားချင်ပါတယ်။ တစ်ခါမှာတော့ စာရေးဆရာနဲ့ ကျွန်မ အဲဒီဆိုင်မှာ သွားစား ပါတယ်။ အဲဒီဆိုင်က လူ အရမ်းများပါတယ်။ အမြဲစောင့်ရပါတယ်။ အမြဲလည်း စောင့်ပါတယ်။ အဲဒီနေ့ကတော့ ကျွန်မတို့ နှစ်ယောက် အကြာကြီး စောင့်နေပေမယ့် ကျွန်မတို့စားနေတဲ့ ကြက်ဥကင် ပန်းကန်သာ ကုန်သွားတယ်၊ ကျွန်မဆီ သင်္ဘောသီးထောင်း ပန်းကန်ရောက်မလာဘဲ ကျွန်မတို့ နောက်မှ ရောက်တဲ့ ၀ိုင်းတွေဆီကို ကျော်ပြီး အရင် ချပေး နေပါတယ်။ စားပွဲထိုးတွေ သတိမထားတာပါ။ ကျွန်မတော်တော် စိတ်တိုသွားပါတယ်။ ကျွန်မတို့ ခေါ်ပြော ပေမယ့်လည်း အရေးမလုပ်တဲ့ အပြင်၊ အကြာကြီး ထပ်စောင့်တာတောင် ရောက်မလာတာကြောင့် ကျွန်မလည်း စိတ်တိုတိုနဲ့ ဆက်မစောင့် တော့ဘဲ ထပြန်ခဲ့ပါတယ်။ ကျွန်မတို့ စိတ်ဆိုးသွားမှန်း သိတာတောင် မိတ်ပျက်မှာ မစိုးရိမ်ဘဲ ကျွန်မတို့နောက်ထပ် လာမစားလည်း တခြားလာစားမယ့်သူတွေ အများကြီး ရှိတယ် ဆိုတဲ့ ပုံနဲ့ပါ။ ရောင်းကောင်းနေတုန်းတော့ ရေရှည်ကို မတွေးမိကြဘူး ထင်ပါရဲ့။

ဒီနေ့တော့ ကိုယ်ဘာသာ လုပ်စားပြီး စာရေးဆရာကိုတောင် ပြောလိုက်ပါသေးတယ်။ အရသာ ကောင်းတယ် မဟုတ်လား။ လှည်းတန်းက သင်္ဘောသီးထောင်းဆိုင်ကို မကျေနပ်ဘူး။ သူတို့ ဘေးနားမှာ အပြိုင် တစ်ဆိုင်လောက်သွားဖွင့် လိုက်ဦးမယ် ဆိုတော့ စာရေးဆရာကလည်း အတိုင် အဖောက် ညီပါတယ်။ သွားဖွင့်၊ ဒီလက်ရာနဲ့ဆို ဖြစ်တယ်တဲ့။ သူက အဲဒီလို မြှောက်ပေးတယ်ရှင့်။

ကျွန်မရဲ့သင်္ဘောသီးထောင်း ဘယ်လိုလုပ်လဲ ဆိုတော့ ပထမဦးဆုံး ကြက်သွန်ဖြူ သုံးမွှာကို အရင် ထောင်းပါတယ်။ ညက်မှ ငရုတ်သီး လေးတောင့်ထည့်ထောင်းပါတယ်။ (ကျွန်မက ငရုတ်သီး အနီတောင့် ထည့်တာပါ) လေးတောင့်ပဲ ထည့်ပေမယ့် တော်တော် စပ်ပါတယ်ရှင်။ ပြီးမှ ထန်းလျက် သုံးခဲကို ထည့် ထောင်းပါတယ်။ ပုဇွန်ခြောက်ထည့် ထောင်းပါတယ်။ နောက်ပြီး သံပုရာသီး အရည်ရွှမ်းရွှမ်း တစ်လုံးကို ညှစ်ထည့် တယ်။  ငံပြာရည် ထည့်ပြီး ဆက်ထောင်းပါတယ်။  မြေပဲဆန်လှော် ထည့်ပါတယ်။ ခရမ်းချဉ်သီး တစ်လုံးကို မထူမပါးလှီးထည့်ပြီး ဆက်ထောင်းပါတယ်။ နောက်ဆုံးမှ ခြစ်ထားတဲ့ သင်္ဘောသီးလေးတွေ ထည့်ပြီး ဖွဖွလေးထောင်းပေးပါတယ်။ အစာတွေကို အားလုံးတစ်ပြိုင်တည်း ထည့်ထောင်းတာ မဟုတ်ဘဲ တစ်ခုထည့်လိုက် ထောင်းလိုက်၊ နောက်တစ်ခု ထည့်လိုက်နဲ့ ထောင်းသွားတာပါ။ ဒီလိုနဲ့ အရသာလေး မြည်းကြည့်ပြီး လိုတာလေး ပြင်ပြီးရင်တော့ ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်ကလေး ရပါပြီ။  အိမ်မှာ ပဲသီး ၀ယ်ထားတာ မရှိတော့ ပဲသီး မပါသွားတော့ဘူး။ ငရုတ်သီး လေးတောင့်ပဲ ထည့်ထောင်းတာ တောင် ကျွန်မနဲ့ စာရေးဆရာတော့ စားရင်း ငိုလိုက်ရတာ ;-) စပ်လွန်းလို့ မျက်ရည်ဝဲရတာပါ။ စာရေးဆရာက ပြောပါသေးတယ်၊ နောက်တစ်ခါဆို အစပ်လျှော့ထည့် ပါနော် တဲ့  :-P

ယိုးဒယားသင်္ဘောသီးထောင်း စပ်စပ်ကလေးရပါပြီ


မိတ်ဆွေများလည်း အားပေးသွားကြပါဦး





Thursday, December 23, 2010

“ကြက်သားကြော်၊ အစိမ်းကြော်၊ ချဉ်စော်ကားသီးဟင်းရည်”

5 comments
ဒီနေ့လည်း ဆီပြန်ဟင်းချက် မစားချင်တာနဲ့ ကြက်သားကြော် စားဖြစ်တယ်။ ကြက်သားကို ရေဆေး၊ အနေတော် တုံးပြီး အချိုမှုန့်၊ ဆား၊ ပဲငံပြာရည် အကြည်ရည်၊ ဂျင်းရည်( ဂျင်းကို ညက်ညက်ထောင်းပြီး ညှစ်ထည့်တာပါ) ၊ တရုတ်မဆလာ တို့နဲ့ ရောနယ်ပြီး တစ်နာရီလောက် နှပ်ထားပါတယ်။ ပြီးမှ ဆီများများ ပူပူမှာ တစ်တုံးစီ ထည့်ပြီး ကျွတ်နေအောင် ကြော်ပါတယ်။

ကြက်သားကြော်နဲ့ စားဖို့ အစိမ်းကြော်ကို ကြက်အမြစ်ကလေးနဲ့  ကြော်လိုက်သေးတယ်။ ကြက်အမြစ် တွေကို အတုံး သေးသေးလေးတွေ တုံးပြီး ဆား၊ အချိုမှုန့်နဲ့ နယ်ထားတယ်။ ပန်းဂေါ်ဖီ၊ ဂေါ်ဖီ၊ ရွှေပဲသီး၊ ဘိုစားပဲ၊ မှို၊ ပြောင်းဖူးအသေး၊ မုန်လာဥနီ စတာတွေကို ရေဆေးပြီး သင့်သလို လှီးဖြတ်ထားတယ်။ ကြက်အမြစ်ကို ရေလေး နည်းနည်းနဲ့ နူးရုံပြုတ်ပါတယ်။ ပြီးရင်ဆယ်ထားပြီး ဒယ်အိုးထဲကို ဆီထည့်ပြီး ကြက်သွန်နီ ပါးပါးလှီးထားတာ ဆီသတ်ပါတယ်။ ကြက်အမြစ်လေးတွေ ထည့်မွှေပါတယ်။ ခဏမွှေပြီးမှ အသီးအရွက်တွေ ထည့်ပါတယ်။ မှိုနဲ့ ပြောင်းဖူးကို နောက်ဆုံးမှ ထည့်ပါတယ်။ ဆား၊ အချိုမှုန့်ထည့် အပေါ့အငံ ပြင်ပါတယ်။

အရည်သောက်တော့ ချက်ဖို့ အချိန်မရတော့တာနဲ့ အလွယ်တကူ ရွှေပန်းပွင့်တံဆိပ် ချဉ်စော်ကား ဟင်းရည်လေး လုပ်လိုက်ပါတယ်။ အထုပ်ထဲမှာပါတဲ့ ချဉ်စော်ကားထုပ်နဲ့ အသားမှုန့်ထုပ်ကို ပန်းကန်ထဲ ထည့်ပြီး ရေနွေးပူပူ လောင်းထည့်လိုက်တာပါပဲ။ လွယ်လွယ်ကူကူနဲ့ သောက်လို့ ကောင်းတာမို့ ကျွန်မတော့ ကြိုက်ပါ တယ်။


ကြက်သားကြော် ကျွတ်ကျွတ်လေးပါ




ဒါက အစိမ်းကြော် ကြော်ဖို့ လှီးဖြတ်ထားတာလေးတွေ




ကြက်အမြစ်နဲ့ကြော်တဲ့ အစိမ်းကြော် ပူပူလေး ရပါပြီ




ဒါလေးက အလွယ်တကူရတဲ့ ချဉ်စော်ကားသီး ဟင်းရည်လေး




ဟောဒီ အထုပ်လေးကို ရေနွေးဖျောလိုက်တာ



Wednesday, December 22, 2010

“ဆတ်သားခြောက်ဆီပြန် နဲ့ ချဉ်ပေါင်အရည်သောက်”

4 comments
မနေ့က ဆတ်သားဟင်း ချက်စားဖြစ်တယ်။ ဆတ်သား အစိုတော့ မဟုတ်ပါဘူး။ ကျွန်မ မေမေ ရန်ကုန်က ပို့ပေးလိုက်တဲ့ ဆတ်သားခြောက်တွေကို အတုံးလေးတွေ တုံးပြီး ချက်တာပါ။ ဆတ်သား ခြောက်ကို ရေစိမ်ထားတယ်။ အသား ပြန်ပျော့လာမှ အနေတော် အတုံးလေးတွေ တုံးထားလိုက်တယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပြီး ဆီသတ်တယ်။ ကြက်သွန်လေးတွေ ကျက်လာမှ ဆတ်သား ထည့်တယ်။ အရင်အခေါက်တွေ ချက်တုန်းက ခရမ်းချဉ်သီးလေးပါထည့် ဆီသတ်ပါတယ်။ မနေ့ကတော့ ခရမ်းချဉ်သီး ကုန်နေလို့ မထည့်လိုက်ရတော့ဘူး။ ကြက်သွန် ဆီသတ်ထဲ ဆတ်သားလေး တွေ ထည့်လုံးပြီး အချိုမှုန့် နည်းနည်း ထည့်ပါတယ်။ ငံပြာရည်တော့ မထည့်တော့ဘူး။ ဆတ်သားက ဆတ်သားခြောက်ဆိုတော့ အငန်ဓါတ်ကလေး ရှိပြီးသားဖြစ်နေလို့။ ဆတ်သားလေးတွေ ထည့်လုံးပြီး ရေနွေးနည်းနည်းထည့် တည်ပါတယ်။ အသားနူး၊ အရသာလည်း အနေတော်၊ ဆီလည်း ပြန်ပြီဆိုရင် ဆတ်သားခြောက်ဟင်းတစ်ခွက် ရပါပြီ။

ကျွန်မက ဆတ်သားခြောက်ဟင်းနဲ့ တွဲစားဖို့  ချဉ်ပေါင်ဟင်းလေး ချက်လိုက်ပါသေးတယ်။ ချဉ်ပေါင်ကလည်း ကျွန်မမေမေ ရန်ကုန်ကနေ ပို့ပေးထားတာပါ။ ဒီမှာ ၀ယ်တဲ့ ချဉ်ပေါင်တွေက အရွက်ရင့်ရင့် ကြီးတွေပါ။ ကျွန်မ မေမေက အရွက်နုလေးတွေကို မွှေပြီး ပို့ပေးလိုက်တာပါ။ ရေခဲသေတ္တာထဲမှာ ခဲထားတော့ စားချင်တဲ့ အချိန် ခုလိုပဲ အရည်သောက်လေး ကမန်းကတန်း လုပ်လို့ ရတာပေါ့။  ချဉ်ပေါင်ကြော် စားချင်ရင်တော့ ဒီက ချဉ်ပေါင် အရွက်ကြမ်းကြမ်းကိုပဲ ၀ယ်ကြော်စား လိုက်တယ်။ အခုလို အရည်သောက်လေး ချက်ချင်ရင်တော့ ကျွန်မမေမေ ပို့ပေးတဲ့ ချဉ်ပေါင်နုလေးနဲ့ ချက်ပါတယ်။ ကြက်သွန်ဖြူ၊ နီတောင် ထောင်းမနေတော့ပဲ နုတ်နုတ် စင်းပြီးပဲ ထည့်လိုက်တယ်။ အိုးထဲမှာ ချဉ်ပေါင်ရွက်မွှေ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး အရောင် တင်မှုန့် (အစိမ်းမှုန့်)၊ ငါးပိစိမ်းစား၊ ပုဇွန်ခြောက်မှုန့်၊ အချိုမှုန့်၊ ငံပြာရည်၊ ဆီ အားလုံးထည့် ရောနယ်၊ ရေလေး နည်းနည်း ထည့်ပြီး လုံးတည်ပါတယ်။ ဆီပြန်ပြီး မွှေးလာမှ ရေနွေးဖြည့်ထည့်ပြီး ဟင်းရည် ကျသည်အထိ တည်ပါတယ်။ ဟင်းရည် အရသာ အနေတော်ဖြစ်ပြီဆိုမှ ငရုတ်သီးစိမ်းလေး ထက်ခြမ်းခွဲထည့်ပြီး မီးပိတ်လိုက် ပါတယ်။ ချဉ်ရည်ဟင်းလေးနဲ့ ဆိုတော့ ထမင်းစားမြိန်တာပေါ့။

ဒီမှာ ဆတ်သားခြောက်ဟင်း






ချဉ်ပေါင်အရည်သောက်လေး



Tuesday, December 21, 2010

“၀က်အူချောင်း ထမင်းကြော်”

2 comments
ဒီနေ့ နေ့လယ်မှာ စောစောစီးစီး ဗိုက်ကဆာနေတယ်။ ဘီစကွတ်ကြီး မစားချင်တာနဲ့ မိုးလင်း ကတည်းက ကော်ဖီ တစ်ခွက်ပဲ သောက်ဖြစ်လို့ ထင်တယ်။ မနေ့က ဘာဟင်းမှ မချက်တော့ စားစရာလည်း မရှိဘူး။ မနေ့က ကျန်တဲ့ ထမင်းတော့ရှိတယ်။ ဒါနဲ့ ထမင်းကြော် ကြော်စားဖြစ်တယ်။ အသားထည့်ကြော်ရင် ရေခဲသေတ္တာထဲမှာ ခဲနေတဲ့ အသားကို ရေခဲပျော်အောင် စောင့်ရဦးမယ်။ အဲဒီလောက် ကျွန်မဗိုက်က မစောင့်နိုင်တော့ဘူး ;-P ။ ဒါနဲ့ ၀က်အူချောင်းတွေ ရှိနေတော့ အတော်ပဲ ဆိုပြီး ၀က်အူချောင်းနဲ့ ကြော်စားတယ်။ ပြောင်းဖူးအသေး၊ ဘိုစားပဲသီးနဲ့ မုန်လာဥနီ လည်း ထည့်တယ်။ ကြက်သွန်နီ ဆီသတ်ပြီး ၀က်အူချောင်း တစ်စောင်းလေးတွေ လှီးထားတာ ထည့်ကြော် တယ်။ ပြောင်းဖူးအသေး ကို တစောင်းလေး တွေ လှီးပြီး ထည့်တယ်။ ဘိုစားပဲနဲ့ မုန်လာဥနီကို သေးသေး လေးတွေ လှီးထည့်တယ်။ ထမင်းကို ချေပြီး ထည့်တယ်။ ဆား၊ အချိုမှုန့်၊ ခရုဆီ ထည့်ကြော်ပြီး  စားလိုက်တယ်။  အိမ်မှာ ကြက်ဥ ကုန်နေလို့ ကြက်ဥ တောင် မပါဘူး။ ဗိုက်ဆာဆာနဲ့ စားလို့ ကောင်းလိုက်တာ။ အရင်ကဆို ထမင်းကြော် ကြော်စားရင် ရင်ပြည့်ပြီး ကုန်အောင် မစားနိုင်တာ များတယ်။ ဒီနေ့တော့ တစ်ပန်းကန်လုံး ကုန်သွားတာ ပြောင်ရောပဲ။ သြော် - မစားခင် ပို့စ်တင်ဖို့ ဓါတ်ပုံလေး ကမန်းကတန်း ရိုက်ရသေးတယ်း-)

ကျွန်မရဲ့ဝက်အူချောင်း ထမင်းကြော်


ကျွန်မရဲ့မိတ်ဆွေတွေ တစ်ပန်းကန်တည်းနဲ့ မ၀ကြမှာဆိုးလို့ပါ

Monday, December 20, 2010

“ဆေးဘဲဥသုပ်”

5 comments
တစ်နေ့တစ်နေ့ နေ့လယ်ခင်း ရောက်လာပြီဆို ကျွန်မမှာ ဘာဟင်းချက်ရမလဲဆိုတာ တော်တော် ခေါင်း နောက်အောင် စဉ်းစားရပါတယ်။ ၀က်သား၊ ကြက်သား သံသရာ လည်နေတော့ ဟင်းမချက်ချင်တာနဲ့ ဒီနေ့တော့ ဆေးဘဲဥပဲ သုပ်စားလိုက်တယ်။ ဆေးဘဲဥက ရန်ကုန်က ကျွန်မဘိုးဘိုး ပို့ထားတာပါ။ ကျွန်မက ဆေးဘဲဥ အလွန်ကြိုက်တယ်။ ကျောင်းမှာတုန်းကဆို  ကင်န်တင်းမှာ ဆေးဘဲဥနဲ့ ထမင်းဖြူ မှာစားတာ များတယ်။ ဒီမှာတော့ ဆေးဘဲဥ ရပေမယ့် ရန်ကုန်ကလို ၀ါဝါ ကြည်ကြည်လေး မဟုတ်ဘဲ၊ ညိုညိုကြီးမို့ ကျွန်မက မကြိုက်ဘူး။ ဒါကြောင့် ဘိုးဘိုးကို ပြောတော့ ပို့ပေးလိုက်တာပါ။ ဆေးဘဲဥ သုံးလုံးကို အခွံခွာတယ်။ ကြက်သွန်နီ ကြီးကြီး တစ်ဥကို အခွံခွာပြီး ပါးပါးလှီးတယ်။ ခရမ်းချဉ်သီး တစ်လုံး ပါးပါးလှီး ထားတယ်။ သံပုရာသီး စိတ်ထားတယ်။ ငရုတ်သီးစိမ်း သုံးတောင့်ကို အညှာချွေပြီး ရေဆေးထားတယ်။

စားခါနီးမှာ ငရုတ်သီးစိမ်းကို ပါးပါးလှီးတယ်။ ဆေးဘဲဥကို မထူမပါးလှီးတယ်။ ပြီးမှ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ဆေးဘဲဥ အားလုံး ပန်းကန်တစ်လုံးထဲရော ငံပြာရည်၊ အချိုမှုန့်၊ ဆီချက်လေး ထည့်ပြီး ရောသုပ်ပါတယ်။ အပေါ့အငံ မြည်းပြီးမှ အပေါ်က ဆီချက်ဖတ်လေး ဖြူးလိုက်တယ်။ နံနံပင်တော့ အိမ်မှာ ကုန်နေလို့ မပါတော့ဘူး ဖြစ်သွားတယ်။ အရည်သောက်အနေနဲ့ စာရေးဆရာ အကြိုက် မေတ္တာဟင်းချို လေးပဲ လွယ်လွယ်ကူကူ ချက်လိုက်တယ်။ မေတ္တာဟင်းချိုအကြောင်း  ဒီမှာ ရေးဖူးပါတယ်။ တစ်ခါတလေ တော့လည်း ဆီပြန်ဟင်းမပါဘဲ အသုပ်လေး၊ အရည်သောက်လေးကလည်း ထမင်းစားမြိန်တယ်ရှင့်။

ဆေးဘဲဥသုပ်ဖို့ ပြင်ဆင်ထားတာလေး


ကျွန်မကြိုက်တဲ့ ဆေးဘဲဥသုပ်



Sunday, December 19, 2010

“၀က်သားပေါင်း၊ လက်ဖက်ရည်နဲ့ မက်မပြေစရာ သွားရည်စာ”

7 comments
ရုံးပိတ်ရက် နေ့ခင်းပိုင်းမှာ ဗိုက်ဆာတာနဲ့ နေ့လယ်စာ အဆာပြေ အဖြစ် ၀က်သားပေါင်းလေး ပေါင်းစား ဖြစ်ပါတယ်။ ၀က်သားကြိတ်ပြီးသား ၀ယ်ထားတာ အခန့်သင့်ရှိတာနဲ့ လုပ်စားဖြစ်သွားတာပါ။ ၀က်သား စင်းထားတာတွေကို ရေဆေးပြီး ဇကာနဲ့ ရေကုန်အောင် စစ်ပါတယ်။ ရေစစ်သွားမှ ကြက်သွန်ဖြူ သုံးမွှာ ညက်ညက်ထောင်း ထားတာရယ်၊ ပဲငံပြာရည် အကြည်ရည်ရယ်၊ အချိုမှုန့်ရယ် နယ်ပြီး ခဏနှပ်ထားပါတယ်။ ခဏနေမှ ၀က်သားတွေကို ကြွေပန်းကန်လုံးထဲ ထည့်ပါတယ်။ ပေါင်းအိုးထဲမှာ ပန်းကန်လုံး တစ်ဝက် မြုပ်ရုံ ရေထည့်ပါတယ်။ ပြီးတော့ ၀က်သားပေါင်း ပန်းကန်ထဲ ပေါင်းအိုး အဖုံးက ချွေးကျတာတွေ မ၀င်အောင်  အဖုံးလေးဖုံးပြီး ၀က်သားပေါင်း ပန်းကန်ကို ပေါင်းအိုးထဲ ထည့်ပါတယ်။ ပြီးတော့ ပေါင်းအိုးမီး ဖွင့်ပြီး ၄၅မိနစ် လောက် ပေါင်းပါတယ်။ ဒါဆိုရင် ၀က်သားပေါင်းလေးကို  Chilli Sauce လေးနဲ့ တွဲဖက် စားလို့ရပြီပေါ့။

ကျွန်မတို့ နှစ်ယောက်စလုံးက လက်ဖက်ရည် ကြိုက်သူတွေမို့ ၀က်သားပေါင်းနဲ့ တွဲဖက် သောက်ဖို့ လက်ဖက်ရည် ဖျော်ဖြစ်တယ်။ ကျွန်မတို့ ရန်ကုန်အိမ်မှာတော့ နံနက်တိုင်း လက်ဖက်ရည်ကို များများဖျော်ပြီး တစ်အိမ်သားလုံး သောက်လေ့ရှိပါတယ်။ အခု ဒီမှာတော့ ပုံမှန် ရုံးဖွင့်ရက်တွေမှာ အလွယ်တကူ ကော်ဖီပဲဖျော် သောက်တာပါ။ ပိတ်ရက်လို အချိန်ရတဲ့ ရက်မှာတော့ လက်ဖက်ခြောက်လေး နှပ်ပြီး လက်ဖက်ရည် ဖျော်သောက် ဖြစ်ပါတယ်။ ခုလည်း ရန်ကုန်က ကျွန်မ ဘိုးဘိုးတို့ ပို့ပေးထားတဲ့ ရွှေပလောင် လက်ဖက်ခြောက်လေးကို ဆားလေး တစ်ပွင့်နှစ်ပွင့်နဲ့ ကျနေအောင်နှပ်ပြီး နို့ဆီ၊ သကြားတို့နဲ့ ဖျော်သောက် ပါတယ်။ ကျွန်မက လက်ဖက်ရည်ကို ဆိုင်တွေမှာ ရောင်းတဲ့ ပန်းကန်လုံးလောက်နဲ့ အားမရ ပါဘူး။ ခွက်ကြီး ကြီးနဲ့ အားရပါရ သောက်ရတာ ကြိုက်ပါတယ်။ ဒါကြောင့် ခုလိုပဲ အားရပါးရ ဖျော်သောက်လိုက်တယ်။


အဆာပြေ ၀က်သားပေါင်းနဲ့ ငရုတ်ဆီချဉ်


လက်ဖက်ရည် ကျဆိမ့်လေး၊


ဟောဒီ ခွက်နဲ့ တစ်ခွက်သောက်ရတာတောင် မ၀ချင်ဘူးး-)

Saturday, December 18, 2010

“အသင်းအပေါင်းအတွက် သတင်းကောင်း၊ ဟောဒီမှာ ထမင်းပေါင်း”

4 comments
ဒီနေ့ ကျွန်မ ခြေထောက်က တော်တော် သက်သာလာပြီး စာရေးဆရာလည်း ရုံးပိတ်ရက်ဆိုတော့  ဈေးသွား ကြတယ်။ ဆီပြန်ဟင်းတွေလည်း မစားချင်တာနဲ့ ထမင်းပေါင်း လုပ်စားမယ် ဆိုပြီး လိုအပ်တဲ့ အသားနဲ့ အသီးအရွက် အစုံ ၀ယ်ခဲ့တယ်။ စာရေးဆရာက ထမင်းပေါင်း  အလွန်ကြိုက်တယ်။ ဘယ်နေရာ ရောက် ရောက် ထမင်းပေါင်းပဲ မှာစားတယ်။ ဒီတော့ ကျွန်မလည်း ဒီနေ့ သူ့အကြိုက် ထမင်းပေါင်းကို လက်စွမ်းပြ ချက်ကျွေးလိုက်တယ်။ 

ဝက်သား အသားချည်း သက်သက်ကို အရွယ်တော် အလွှာလိုက်လေးတွေ လှီးပြီး ဆား၊ အချိုမှုန့် နယ်ထား လိုက်တယ်။ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ရွှေပဲသီး၊ ဘိုစားပဲသီး၊ မှို၊ ပြောင်းဖူးအသေး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး တို့ကို ရေဆေးပြီး လှီးထားလိုက်တယ်။ ကြက်သွန်နီ တစ်ဥ ကိုလည်း ပါးပါး လှီးထား တယ်။ ကော်မှုန့် ကို ရေအေးနဲ့ ဖျော်ထားတယ်။ ပူပူနွေးနွေးမှ စားကောင်းတာမို့ စားခါနီးမှ လုပ်စား ပါတယ်။

မီးဖိုပေါ်မှာ ဒယ်အိုးတင်ပြီး ၀က်သားကို ရေနည်းနည်းနဲ့ အသားနူးရုံ တည်လိုက်တယ်။ အသားနူးရင် အသား တွေ ဆယ်ထားပြီး ဆီ အနည်းငယ်ထည့်၊ ဆီပူလာရင် ကြက်သွန်နီ ဆီသတ်ပါတယ်။ ပြီးတော့ ပန်းဂေါ်ဖီကို အရင်ဆုံး ထည့်တယ်။ အဲဒီ့နောက် ဂေါ်ဖီ၊ ရွှေပဲသီး၊ ဘိုစားပဲ၊ မုန်လာဥနီ ထည့်ပါတယ်။ ရေနွေးလေး နည်းနည်း ထည့်ပါတယ်။ ခဏနေမှ မှိုနဲ့ ပြောင်းဖူးကို ထည့်ပြီး အသားတွေပါ ရောထည့်ပါတယ်။ ပဲငံပြာရည် အကြည်၊ ခရုဆီနဲ့ အချိုမှုန့် အနည်းငယ် ထည့်မွှေပါတယ်။ အသီးအရွက်တွေလည်း နူးပြီး အရသာလည်း အနေတော် ဆိုမှ ခရမ်းချဉ်သီးထည့်၊ တစ်ဆက်တည်းမှာ ရေအေးနဲ့ ဖျော်ထားတဲ့ ကော်ရည် လောင်းထည့်ပြီး မီးဖိုပေါ်က ချပါ တယ်။ (အရည်များများလေးမှ ထမင်းနဲ့ရောရင် အနေတော်မို့ ကော်ရည်ပျစ်နေရင် ရေနွေး နည်းနည်း ထပ်ထည့်ပါတယ်)

ထမင်းပူပူကို ပန်းကန်လုံး အသေးလေးထဲ ဖိသိပ်ထည့်ပြီး စားမယ့် ပန်းကန်ထဲ ပုံစံခွက်လေး အတိုင်း မှောက်ချပြီး ထည့်တယ်။ ပြီးမှ ထမင်းအပေါ်ကနေ ခုနက ကြော်ထားတဲ့ အသားနဲ့ အသီးအရွက်တွေကို လောင်းထည့် လိုက် ပါတယ်။ ဒါဆို စားချင့်စဖွယ် ထမင်းပေါင်းလေး ရပါပြီ။

အအီပြေ အချဉ်ကိုတော့ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပုရာရည်၊ နံနံပင်တို့ ရောပြီး သုပ်လိုက်ပါတယ်။

ဒီနေ့ ကျွန်မရဲ့ ထမင်းပေါင်းက အဆာပလာတွေ များပြီး ထမင်းနည်း သွားတယ်ရှင့်။ ပုံထဲမှာ ထမင်းတောင် မမြင်ရတော့ဘူး။ 

စာရေးဆရာရဲ့ ပန်းကန်ပါ


ဒါလေးက ကျွန်မစားတာ


အအီပြေ အချဉ်လေးပါ


Friday, December 17, 2010

“အသုပ်၊ အရည်နဲ့ တုတ်လေသမျှ ဟုတ်နေကြမယ့် အာပူလျှာပူ”

7 comments
ဒီနေ့တော့ ရခိုင်မုန့်တီချက်စားဖြစ်တယ်။ ကျွန်မက ရခိုင်မုန့်တီကြိုက်တော့ ရှင်းရှင်းမုန့်တီထုပ်လေးတွေ ၀ယ်ထားပြီး ညနေခင်းတွေမှာ လုပ်စားတတ်တယ်။ ခေါက်ဆွဲထုပ်လိုပဲ လုပ်ရတာလွယ်တော့ ခဏခဏ စားဖြစ်တယ်။ သူက ရယ်ဒီမိတ် ဆိုပေမယ့် ရခိုင်မုန့်တီ အရသာနဲ့ တော်တော်လေး နီးစပ်တယ်။ အာသာပြေတော့ စားလို့ ဖြစ်တယ်ရှင့်။ ချက်စားတာလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲနော်။ ဒီနေ့တော့ လမ်းလျှောက်နိုင်လာတာနဲ့ ရခိုင်မုန့်တီ ချက်စားချင်စိတ် ပေါ်နေတာလေးကို ဖြည့်ဆည်း လိုက်တယ်။ အရင်ရက်တွေကတည်းက ချက်စားချင်နေတာ။ City Hall က ၀ယ်ထားတဲ့ ငါးကြင်းလေးတွေက ကျန်နေသေး တယ်လေ။ 

ရခိုင်မုန့်တီချက်ဖို့ ငါးကို ရေဆေးပြီးတော့ ဆား၊ အချိုမှုန့်၊ ငံပြာရည်နဲ့ နယ်ပြီး ပြုတ်ထားလိုက်တယ်။ မုန့်ဖတ်ကို ရေစိမ်ထားတယ်။ ငါးကျက်ရင် ခဏ အအေးခံပြီး အသားနွှင်တယ်။ ပြီးတော့ ဒယ်အိုးထဲမှာ ငါးအသား နွှင်ထားတာတွေကို ထည့်လှော်လိုက်တယ်။ ပြီးတော့ တစ်ဝက်ကို ခုနက ငါးပြုတ်အိုးထဲ ပြန်ထည့်ပြီး ဆက်တည်တယ်။ ကျန်တဲ့ ငါးအသားတစ်ဝက်ကို အသုပ် သုပ်ဖို့ ပန်းကန်လေးနဲ့ ထည့်ထားတယ်။ ဟင်းရည်အိုးထဲကို အရည် လိုချင်သလောက်  ရေနွေး ထပ်ဖြည့်ထည့်တယ်။ ငရုတ်သီးစိမ်းကို ရေနွေးလေးနဲ့ ခဏ ပြုတ်ပြီး ထောင်းလိုက်တယ်။ ပြီးတော့ ပန်းကန်လေးထဲမှာ ငရုတ်သီးစိမ်း ထောင်းထားတာတွေနဲ့ ငါးပြုတ်ရည်လေး နည်းနည်းထည့်ပြီး ဖျော်ထားလိုက်တယ်။ မကျည်းသီးကို ရေနွေးလေး ဖျောပြီး မကျည်းရည် ဖျော်ထား တယ်။ နံနံပင်ကို ရေဆေး၊ ညှပ်ပြီး ပန်းကန်နဲ့ ထည့်ထား လိုက်တယ်။ ငါးပိစိမ်းစားကို ရေနွေးလေးနဲ့ ဖျော်ပြီး ငါးပြုတ်အိုးထဲ ထည့်တယ်။ (ကျွန်မကတော့ ငါးပိကို ရေနွေးနဲ့ ဖျော်ပြီးရင် အားလုံး လောင်းမထည့် ဘူး။ အနည်ထိုင်အောင် ခဏစောင့်ပြီး အရည်ကြည်ကိုပဲ ထည့် တယ်။ အနယ်တွေ မထည့်ဘူး။ ဟင်းရည် အရောင်ကို ကြည်ကြည်လေးပဲ ကြိုက်လို့ပါ။ အရည်နောက် နေတာကို မကြိုက်လို့။) ဟင်းအိုး ပြန်ဆူလာရင် အချိုမှုန့်၊ ဆား၊ ငံပြာရည်နဲ့ အပေါ့အငံ ပြင်တယ်။ ပြီးတော့ ငရုတ်ကောင်းစေ့ လှော်ထားတာလေးတွေနဲ့ ကြက်သွန်ဖြူ (၇)မွှာလောက်ကို ရောထောင်းတယ်။ အဲဒီ ထောင်းထားတာတွေနဲ့ ပဒဲကောမှုန့် (ကျွန်မက တော့ ချက်ခါနီးမှ ပဒဲကောကို ပြေးဝယ်နေရမှာ စိုးလို့ အမှုန့်ဝယ်ပြီး ဗူးနဲ့ ထည့်ထား လိုက်တယ်) ကိုရောပြီး ဟင်းရည် ပွက်ပွက်ဆူနေတဲ့ အထဲကို ထည့်လိုက်တယ်။ ဟင်းရည်ကျအောင် တည်ပြီးရင်တော့ ရခိုင်မုန့်တီ ဟင်းရည်လေး ရပါပြီ။ 

ရေစိမ်ထားတဲ့ မုန့်ဖတ်တွေကို အိုးတစ်လုံးထဲမှာ ရေနွေးဆူအောင်တည်ပြီး ထည့်ပြုတ်တယ်။ မုန့်ဖတ် အိလာရင် ဇကာနဲ့ ရေစစ်ပြီး ရေအေးနဲ့ ဆေးချလိုက်တယ်။ ရေခဏစစ်ထားပြီးရင် တော့ မုန့်တီသုပ် သုပ်လို့ ရပါပြီ။ ကျွန်မက ရခိုင်သုပ်(အာပူသုပ်)ကို ပိုကြိုက်လို့ အဲလို သုပ်စားဖြစ်တယ်။ ပန်းကန်းထဲကို မုန့်ဖတ် စားနိုင်သလောက်ထည့်၊ ငါးအသားနွှင်ထားတာ နည်းနည်းထည့်၊ ဆားနဲ့ အချိုမှုန့်ထည့်၊ ငရုတ်သီးစိမ်း ဖျော် ထားတာထည့်၊ မကျည်းရည်နဲ့ ငံပြာရည်ထည့်၊ မုန့်တီဟင်းရည်လေး နည်းနည်း ထည့်ပြီး ရွှဲရွှဲလေး သုပ်စား ပါတယ်။ ချဉ်ငံစပ်လေးပေါ့ရှင်။ အပေါ်က နံနံပင်လေးနဲ့ ပဲကြော်လေး ဖြူးထည့်လိုက်ပါတယ်။ အာပူသုပ် စားပြီး မ၀သေးတဲ့ ကျွန်မက မုန့်တီအရည်နှစ်ပွဲ ထပ်သောက် ပါသေးတယ်။ ;-P

ညနေဘက် စာရေးဆရာ ပြန်လာတော့ သူက အစပ်မစားနိုင်သူမို့ မုန့်ဖတ်သုပ် သုပ်ပေးရပါတယ်။ ဒီတော့ ငရုတ်သီး ဆီချက်လေး ချက်ထားရပါသေးတယ်။ ဆီနည်းနည်းကို ဒယ်အိုးထဲမှာ ပူအောင်တည်ပါတယ်။ ဆီပူလာရင် ပန်းကန်ထဲ ပြောင်းထည့်ပြီး အရောင်တင်မှုန့် ထည့်လိုက်ပါတယ်။ မုန့်ဖတ်သုပ် သုပ်ဖို့ မုန့်ဖတ်၊ ငါးအသား၊ ငရုတ်သီးဆီချက်၊ ဆီချက် (ကြက်သွန်နီ ဆီချက်က အဆင်သင့်ရှိနေလို့ ချက်စရာမလိုတော့ပါ)၊ ပဲမှုန့်၊ ငံပြာရည်၊ ဆား၊ အချိုမှုန့် အားလုံးထည့်ပြီး သုပ်ပါတယ်။ နံနံပင်နဲ့ ပဲကြော်လေး ဖြူးပေးလိုက်ပါတယ်။ ဒါဆို မုန့်ဖတ်သုပ်လေးကို ရခိုင်မုန့်တီ ဟင်းရည်လေးနဲ့ တွဲဖက်စားလို့ ရပြီပေါ့။

မုန့်တီစားဖို့ ပြင်ထားတဲ့ အဆာပလာလေးတွေ



ကျွန်မအကြိုက် ရခိုင်သုပ်(အာပူသုပ်)




အာပူသုပ်နဲ့ မ၀သေးလို့ နောက်ထပ် မုန့်တီအရည်




စာရေးဆရာရဲ့ မုန့်တီသုပ် ပန်းကန်


ဒါက ညနေဘက် စာရေးဆရာ ပြန်လာမှ ထပ်စားတဲ့ ကျွန်မရဲ့အသုပ် ပန်းကန်၊ နည်းတယ်လို့ မထင်တဲ့နော်၊ မုန့်တီအရည်နှစ်ပွဲ ထပ်ဆွဲသေးတယ်း-)



ဒါက အသုပ်နဲ့ တွဲစားဖို့ မုန့်တီဟင်းရည်


Thursday, December 16, 2010

“တစ်သက်မအီပါ ၀က်ကလီစာ”

3 comments
ဒီနေ့လည်း ကျွန်မခြေထောက်က ယောင်နေတုန်းဆိုတော့ သိပ်မလှုပ်ရှား ရဲသေးဘူး။ ပို့စ်အသစ် တင်မယ် စိတ်ကူးတော့ လွန်ခဲ့တဲ့ အပတ်က ၀က်ကလီစာဟင်း ချက်စားဖြစ်တာလေး သတိရတာနဲ့ ၀က်ကလီစာ ဟင်းလျာပို့စ်လေး တင်ဖြစ်သွားတယ်ရှင်။

လွန်ခဲ့တဲ့အပတ် ဈေးသွားတုန်းက ၀က်ကလီစာ ၀ယ်ခဲ့ဖြစ်တယ်။ ၀က်အူချို၊ ၀က်အူမကြီး၊ ၀က်အူပိတ်၊ ၀က်အချင်းတိုင်၊ နှလုံးဝယ်ခဲ့တယ်။ ၀က်လျှာရတာနဲ့ လျှာပါဝယ်ခဲ့ပြီး ရောချက် ဖြစ်တယ်။ ၀က်အသဲနဲ့ ကျောက်ကပ် ကတော့ ကျွန်မ မကြိုက်လို့ ထည့်မချက်ဘူးရှင့်။ ၀က်အူပိတ်ကိုတော့ များများ ထည့်ဖြစ်တယ်။ ကျွန်မက အူပိတ် သိပ်ကြိုက်တယ်။ ၀က်သားတုတ်ထိုး စားရင်လည်း အူပိတ်ကို အဓိက ထားစားတယ်။ ကျွန်မက ၀က်သားတုတ်ထိုး တအားကြိုက်ပါတယ်။ ဒီတော့ ၀က်ကလီစာ ဟင်းလည်း ကြိုက်တာပေါ့။

ပထမဦးဆုံး ၀က်ကလီစာတွေကို ရေနဲ့ စင်အောင်ဆေးတယ်။ ၀က်အူတွေကို အရွယ် တော်လေးတွေ တုံးပြီး အတွင်းအပြင်သေချာ လှန်ဆေးတယ်။ ပိုပြီး ပြောင်အောင် ဗနီကာရည်လေးနဲ့ နယ်ပြီး ဆေးတယ်။ အချွဲတွေ မရှိတော့ဘဲ ကြမ်းကြမ်းလေး ဖြစ်သွားတဲ့ အထိပေါ့။ အားလုံး ပြောင်အောင် ဆေးပြီးရင် ဆား၊ သကြား၊ အချိုမှုန့်၊ ပဲငံပြာရည်အနောက် (ကြာညို့)၊ တရုတ်မဆလာ တို့နဲ့ ရောနယ်ပြီး နှပ်ထားတယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ညက်နေအောင်ထောင်းတယ်။ မီးဖိုပေါ် ဆီအိုးတင်၊ ဆီကျက်ရင် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းထားတာ တွေ ထည့်၊ အရောင်တင်မှုန့်လေးပါ ထည့်ပြီး ဆီသပ်တယ်။ ကြက်သွန်ကျက်ရင် ၀က်အူတွေထည့်လုံးတယ်။ နှလုံးကိုတော့ ချန်ထားတယ်။ ပဲငံပြာရည် အကြည်ရည်နဲ့ အချိုမှုန့်လေး နည်းနည်းစီပါ ထည့်လုံးတယ်။ အူတွေက ထွက်လာတဲ့ ရေနဲ့ ကြာကြာလေး လုံးပြီး ရေခမ်း၊ ဆီပြန်လာရင် နှလုံးလေးထည့်ပြီး ဆက်လုံးတယ်။ ပြီးမှ ရေနွေးလေး ထည့်ပြီး ၀က်ကလီစာတွေ နူးသည်အထိ တည်ပါတယ်။ ရေခန်းလို့ အသား မနူးသေးရင် ရေနွေးပဲ ထပ်ဖြည့်ထည့်ပါတယ်။ အသားနူးပြီ ဆိုရင်တော့ အပေါ့အငံမြည်းပြီးရင် ၀က်ကလီစာဟင်း တစ်ခွက် ရပြီပေါ့ရှင်။

ကျွန်မအကြိုက် ၀က်ကလီစာ ဟင်းလေးပါ။











Wednesday, December 15, 2010

“အပီနှက်ပြီး တစ်ယောက်တည်းဆွဲတဲ့ ဆီချက်ခေါက်ဆွဲ”

3 comments
လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်က စပြီး ကျွန်မ ခြေထောက်မှာ မှင်ဖြစ်ပြီး ယောင်ပါတယ်။ ကျွန်မက အစားမှားရင် အဲဒီလို Allergy ဖြစ်တတ်လို့ တတ်နိုင်သမျှ ရှောင်ပါတယ်။ (ကျွန်မ အရမ်းကြိုက်တဲ့ အစားအစာက လွဲလို့  ;-P )။ များသော အားဖြင့် ပင်လယ်စာနဲ့ မတဲ့ဘူး။ ခဏခဏလည်း ဖြစ်တယ်။ အခုလည်း ဖြစ်ပြန်ပြီလေ။ အခု ဖြစ်တာက ခြေဖ၀ါးမှာ။ ယောင်ပြီး၊ ဖောင်းကား တင်းပြီး နီရဲနေတယ်။ ခြေထောက် ထောက်လို့ မရဘူး။ လမ်းလည်း မလျှောက်နိုင် ဘူး။ ဒီတော့ ဟင်းလည်း မချက်နိုင်ဘူး ပေါ့။ စာရေးဆရာ ခမျာလည်း တရုတ်ဆိုင်နဲ့ နှစ်ပါးသွား နေရ ရှာတယ်။ ဘာဟင်းမှ မချက်နိုင်တော့ ဟင်းလျာပို့စ် အသစ်တွေလည်း မတင်နိုင်ဘူးပေါ့။ ဒီတော့ ကျွန်မမိတ်ဆွေ ဘလော့တွေဆီ သွားပြီး အဲဒီ မမတွေ ချက်ထားတဲ့ ဟင်းတွေပဲ သွားငမ်းနေရတာ ပေါ့။  

ဒီနေ့မနက်တော့ ခြေဖ၀ါးက ယောင်နေတာကြီးက ရွေ့ပြီး ခြေခုံပေါ် ရောက်လာတယ်။ ခြေခုံမှာဆိုတော့ လမ်းတော့ နည်းနည်း လျှောက်လို့ ရလာတယ်။ ဒီတော့ ကျွန်မလည်း မီးဖိုထဲသွားပြီး ဘာလုပ်စားရင် ကောင်း မလဲပေါ့။ မနက်စာက ကျွန်မ တစ်ယောက်တည်းဆိုတော့ ဟင်းမချက်ချင်တော့ဘူး။ ပြီးတော့ ခြေထောက် ယောင်တာက ပျောက်သေးတာ မဟုတ်တော့ ကြာကြာလည်း မရပ်နိုင်သေးဘူးလေ။ ဒါနဲ့ စာရေးဆရာက ခေါက်ဆွဲသုပ် သိပ်ကြိုက်လို့ ဆိုပြီး သုပ်စားရအောင် စာရေးဆရာအမေ ရန်ကုန်က ပို့ထားတဲ့ ကြက်ဥ ခေါက်ဆွဲခြောက်တွေ သွားတွေ့တယ်။ ခေါက်ဆွဲသုပ်တော့ မစားချင်ဘူးပေါ့။ ကြော်စားရင် ကောင်းမလားပေါ့။ ၀က်သားလေး နည်းနည်း ကျန်နေတာလည်း တွေ့တယ်။ ခေါက်ဆွဲ ကြော်ဖို့ ဂေါ်ဖီတို့၊ မုန်လာဥနီတို့က မရှိဘူး။ ကြက်သွန်ဖြူ ဆီချက်ကတော့ အဆင်သင့် ရှိနေတယ်။ စာရေးဆရာက ခေါက်ဆွဲသုပ် ကြိုက်သူမို့ ကျွန်မက ကြက်သွန်နီ ဆီချက်နဲ့ ကြက်သွန်ဖြူ ဆီချက် တွေကို များများချက်ပြီး ဗူးလေးတွေနဲ့ ထည့်ထားတတ်တယ်လေ။ ဒီတော့ ဆီချက်ခေါက်ဆွဲပဲ စားတော့မယ် ဆိုပြီး လုပ်စားဖြစ်တာလေးပါ။

ခေါက်ဆွဲကို ရေနဲ့ ပြုတ်ပြီး ဇကာနဲ့စစ်ထားတယ်။ ၀က်သားကို ရေဆေး၊ ဆားနဲ့အချိုမှုန့် ထည့် ရောနယ်ပြီး ပြုတ်တယ်။ ၀က်သားရရင် အသားတွေကို သေးသေးလေးတွေ မျှင်လိုက်တယ်။ ပြီးတော့ စားမယ့် ပန်းကန်ထဲ ခေါက်ဆွဲထည့်၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်အကြည်၊ ဆီချက်အရည်၊ ၀က်သား ပြုတ်ရည် နည်းနည်းစီ ထည့်ပြီ ခရင်းနဲ့ မွှေတယ်။ ပြီးမှ အပေါ်က ၀က်သားမျှင်လေးတွေထည့် ပြီး ကြက်သွန်ဖြူ ဆီချက်ဖတ်လေးတွေ ခပ်ထည့် လိုက်တယ်။ ငရုတ်ကောင်းလေး အုပ်လိုက်တယ်။ ကြက်သွန်မြိတ် တောင် မရှိလို့ မပါတော့ဘူး။ အရည်သောက် အတွက်ကတော့ ခုနက ၀က်သား ပြုတ်ထားတဲ့ ပြုတ်ရည်ကို အပေါ့အငံပြင်ပြီး ငရုတ်ကောင်း အုပ်လိုက်တာ ပါပဲ။ ရှိတာလေးနဲ့ ဖြစ်အောင် လုပ်စား လိုက်ပါတယ်။ စားလို့တော်တော် ကောင်းပါတယ် ရှင်။ ကျွန်မလည်း အ၀တီးပစ်လိုက်ပါတယ်။

စားဖို့ အဆင်သင့်ပြင်ထားတဲ့ ဆီချက်ခေါက်ဆွဲပွဲလေး။


မ၀မှာစိုးလို့ ကျွန်မလိုပဲ အ၀ စားနိုင်အောင် နောက်ထပ်...နောက်ထပ်..





ဆီချက်ခေါက်ဆွဲနဲ့တွဲသောက်ဖို့ အရည်သောက် ပန်းကန်လေး


Tuesday, December 14, 2010

“ဘယ်ရနိုင်တော့မလဲ ငယ်ဘ၀တွေ”

5 comments
ကျွန်မရဲ့မင်္ဂလာဆောင်ကို သူငယ်ချင်းလာတုန်းက အမှတ်တရရိုက်ထားတဲ့ပုံ

၁၉၉၅-၁၉၉၆ ခြောက်တန်းနှစ်ရောက်တော့ အတန်းတွေ ပြန်ခွဲတယ်။ ကျောင်းသူအသစ်၊ အဟောင်း အားလုံး ငါးတန်း စာမေးပွဲကြီး ရမှတ်တွေနဲ့ ပြန်စီတယ်။  အဲဒီမှာ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းလေးတွေနဲ့ ဆုံခွင့်ရတယ်။ တစ်ယောက်က ၀၀ကစ်ကစ်၊ ပါးဖောင်းဖောင်း၊ ဆံပင် ကုတ်ဝဲလေးနဲ့ 'ဇင်ဇင်'။ နောက် တစ်ယောက်က ငါးတန်းနှစ်မှာ ကျောင်းဆင်းရင် လုလုဆင်းလို့  ကျွန်မနဲ့ ရန်ဖြစ်ခဲ့ရတဲ့ ပိန်ပိန်ရှည်ရှည်၊ မျက်ပေါက် ကျဉ်းကျဉ်းနဲ့ 'သွယ်လေး'၊ နောက်တစ်ယောက်က မျက်မှန် ပုလင်းဖင်ကြီး တပ်ထားတဲ့ ပိန်ကပ်ကပ်နဲ့  'ငြိမ်း'၊ နောက်ဆုံး တစ်ယောက်က ဆံပင် အိအိပျော့ပျော့ ကုတ်ကုတ် လေး၊ အသားညိုညို နဲ့ အိပဲ့အိပဲ့လေး လမ်းလျှောက်တတ်တဲ့ 'နန်း'။ ကျွန်မတို့ ငါးယောက် ခင်သွားတော့ အတန်းထဲမှာ အတူတူ ထိုင်ကြတယ်။ အရမ်းလည်း သောင်းကျန်းတယ်။ တစ်ခါကလည်း ဆရာမများ ရုံးခန်းဘေးက စတိုခန်းထဲ ၀င်ဆော့ကြတာ၊ PT ဆရာမက မသိဘဲ အပြင်က ဂျက်ချသွားလို့ ပိတ်မိနေခဲ့ ကြသေးတယ်။

အဲဒီနှစ်မှာ သိပ္ပံသင်တဲ့ ဆရာမကလည်း ငါးတန်းက ဆရာမလိုပါပဲ။ သူ့အချိန်ဆို လှေကားမှာ သင်ပါတယ်။ အဲဒီ ဆရာမကျတော့ အရိုက်လည်း ကြမ်းတယ်။ ကျွန်မတို့က လှေခါးထစ်တွေမှာ တန်းစီထိုင်၊ ဆရာမက ကျွန်မတို့ ထိုင်နေရာ လှေခါးထစ်များရဲ့ အဆုံး လှေခါး တစ်ဆစ်ချိုးရှိ ပြင်ညီမှာ ထိုင်တယ်။ လှေခါးထစ်တွေ ဆိုတော့ ဆရာမ ထိုင်နေရာက ကြည့်ရင် ကျွန်မတို့ ကျောင်းသူ အားလုံးရဲ့ မျက်နှာတွေကို မြင်ရတယ်။ ဆရာမက အရိုက်ကြမ်းတယ်။ သူ့မျက်နှာက ဘယ်တော့မှ ရယ်လေ့ မရှိဘူး။ အမြဲ တည်တည်ကြီးနဲ့ ဆိုတော့ ကျွန်မတို့ အားလုံး ကြောက်ကြတယ်။ ဖြစ်ချင်တော့ ကျွန်မတို့ အတန်းကို သူဝင်ရတဲ့ အချိန်က များသော အားဖြင့် မုန့်စားဆင်းပြီး ပြန်တက်တဲ့ အချိန်။ ပြောရရင် ဗိုက်ကားပြီး ငိုက်လို့ ကောင်းတဲ့ အချိန်ပေါ့။ ပြီးတော့ စားလက်စ မုန့်လေးတွေ တစ်ဝက် တစ်ပျက် ကျန်တဲ့အချိန်ပေါ့။ ဆရာမက သူ့အချိန်မှာ မုန့်စားတာ လုံးဝ မကြိုက်သလို၊ အိပ်ငိုက် တာလည်း မကြိုက်ပါဘူး။ စာလည်း တအားမေးပါတယ်။ တစ်ခါတလေ ကျွန်မတို့ စားလက်စ မုန့်လေး ပါးစပ်ထဲ ကျန်လို့ ၀ါးနေရင် နွားမတွေ စားမြုံ့ပြန်နေတယ်ဆိုပြီး ကြိမ်နဲ့ ဆော်ပါတယ်။ ထိုင်ထ လုပ်ခိုင်းပါတယ်။ ကျွန်မတို့ လည်း သူ့အချိန်ဆို ကြောက်ကြောက်နဲ့ မငိုက်ရဲပါဘူး။ သူက အောက်ကနေ ကျွန်မတို့ ထိုင်နေတဲ့ လှေခါးထစ် တွေဆီ ကြည့်လိုက်တာနဲ့ ဘယ်သူ ပါးစပ်လှုပ်တယ်၊ ဘယ်သူ အိပ်ငိုက်နေတယ် ဆိုတာ တန်းမြင်ရတာကိုး။ စာဆိုရင်လည်း ဘယ်သူဝါးချနေတယ် ဆိုတာ သူက တန်းမြင်နေ ရတယ်လေ။ စာဝါးချတယ် ထင်ရင် တစ်ယောက်ချင်း ထဆိုခိုင်းတတ် ပါသေးတယ်။ အဲဒီ ဆရာမ မျက်နှာများ ခုထိ မြင်နေပါသေးတယ်။ တကယ်ကို အပြုံးအရယ် မရှိတဲ့ ဆရာမ ပါပဲ။

ကျွန်မတို့ကျောင်းက မိန်းကလေးကျောင်းဆိုတော့ အချစ်တော်ဖွဲ့တဲ့ အလေ့အထရှိတယ်။ အတန်းကြီး မှာတက်နေသူတွေက အတန်းငယ်မှာရှိတဲ့ ချစ်စရာ ကောင်မလေးတွေကို ချစ်လို့ပါ၊ မမကို ပြန်ချစ်မလား ဆိုပြီး အချစ်တော် ဖွဲ့တာပါ။ တစ်ခါတလေ အတန်းငယ်တွေကလည်း အတန်းကြီး တွေကို စပြီး အချစ်တော်ဖွဲ့ တာလည်း ရှိပါတယ်။ အချစ်တော် အဖွဲ့ခံရတဲ့သူက ပြန်ချစ်လို့ အချစ်တော် ဖြစ်သွားရင် တစ်ယောက်နဲ့ တစ်ယောက် စာတွေပေးကြ၊ ပို့စကတ်တွေ ပေးကြ၊ မုန့်စားဆင်းရင် တစ်နေရာမှာ တူတူထိုင်ပြီး မုန့်တူတူစားကြ၊ စကားတွေ ပြောကြတာပေါ့လေ။ ကျွန်မတို့ ငါးယောက် ထဲက တစ်ယောက်ယောက်ကို အချစ်တော်စာ လာပေးလို့ ကတော့ တစ်ဖွဲ့လုံးအားရအောင် ၀ိုင်းဖတ်ကြတာပါပဲ။

နောက်နှစ် ခုနှစ်တန်းနှစ် ရောက်တော့လည်း အတန်းမခွဲတော့ ကျွန်မတို့ ငါးယောက် အတူတူ မခွဲဖြစ်ကြ ဘူးပေါ့။ ခုနှစ်တန်းနှစ်မှာတော့ ကိုယ့်အခန်းထဲကလူတွေတင် မဟုတ်ဘဲ တခြားအခန်းက လူတွေနဲ့ပါ သူငယ်ချင်း ဖြစ်ကုန်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာမ မလာတဲ့အချိန်ဆို အတန်းထဲမှာ မနေကြတော့ ဘဲ ကော်ရစ်ဒါ မှာ ထွက်ပြီး ဆော့ကြလို့ပါ။ အဲဒီလို ထွက်ဆော့ ကြရင်း တခြားအခန်းက ကျောင်းသူ တော်တော် များများနဲ့ သူငယ်ချင်း ဖြစ်ခဲ့ရပါတယ်။

 အဲဒီထဲမှာ ဆံပင်ကောက်ကွေးကွေး၊ အသားဖြူဖြူ၊ မျက်နှာ ချိုချိုနဲ့ သူငယ်ချင်း တစ်ယောက် နဲ့လည်း ခင်မင်ခွင့် ရခဲ့ပါတယ်။ သူက စာလည်းတော်ပြီး စာမတို တတ်သူပါ။ တချို့ ကျွန်မမိဘများနဲ့ မိဘချင်း လည်းရင်းနှီး၊ ကျွန်မနဲ့လည်း ခင်မင်ရင်းစွဲရှိနေတာတောင် စာနဲ့ ပတ်သက် လာရင် သမုဒ္ဒရာရေ သူ တစ်ယောက်တည်း သောက်လို့ကုန်မယ့်အတိုင်း တွန့်တိုတတ်တဲ့ စာတိုတွေလည်း ရှိတယ်လေ။ အဲဒီ သူငယ်ချင်းကတော့ စာတော်သလောက် စာမတိုပါဘူး။ သူ့စာအုပ် ငှားရမှာလည်း ၀န်မလေး တတ်ပါဘူး။ စိတ်ရင်းလည်း ကောင်းပါတယ်။ ကျွန်မတို့ကိုလည်း အခန်းမတူပေမယ့် ခင်ခင်မင်မင်နဲ့ တရင်းတနှီးကို ဖော်ဖော် ရွေရွေ ပေါင်းပါတယ်။ ဆယ်တန်း အောင်တဲ့အထိ အခန်းမတူတော့ ကျွန်မနဲ့ အတူသွား၊ အတူလာ တွဲဖြစ်ခဲ့တာလည်း မဟုတ်ပါဘူး။ ဆယ်တန်း အောင်လို့  တစ်ယောက်နဲ့ တစ်ယောက် မတွေ့ကြတော့တဲ့အခါ သူလည်း ကျွန်မကိုမေ့သွားပြီလို့ ကျွန်မ ထင်ထားခဲ့တာပါ။ တချို့သူငယ်ချင်းတွေ တစ်ခန်းတည်း တက်ပြီး တရင်းတနှီး ရှိခဲ့တာတောင် ဆယ်တန်းအောင်ပြီး လေးငါး ခြောက်နှစ်ကြာလို့ ပြန်တွေ့တဲ့အခါ လုံးဝ မမှတ်မိတော့ သလို၊ နှုတ်မဆက်ဖြစ် ကြတာတွေ ရှိတယ်လေ။

ဒါပေမဲ့ အဲဒီ သူငယ်ချင်းကတော့ ကျွန်မတို့ကို မမေ့ပါဘူး။ ဆယ်နှစ်နီးပါး ကြာသွားတာတောင် ကျွန်မတို့ နာမည်တွေကိုပါ မှတ်မိနေပါသေးတယ်။ ဒါကို ကျွန်မတို့ မင်္ဂလာဧည့်ခံပွဲ ကျင်းပခါနီးမှ သိလိုက်ရတာပါ။ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ 'ငြိမ်း' နဲ့ အဲဒီသူငယ်ချင်း တစ်နေရာမှာ ပြန်ဆုံမိရာက ကျွန်မ မင်္ဂလာဆောင်တော့မှာ သူသိသွားတော့ သူ့ကို ဖိတ်ဖို့မေ့မှာ၊ ကျန်ခဲ့မှာ စိုးလို့ ဆိုပြီး အထပ်ထပ် မှာလိုက်ပါတယ်။ မင်္ဂလာပွဲရက် မှာလည်း ကျွန်မ မင်္ဂလာဆောင်ကို သူတက်ရောက် လာခဲ့ပါတယ်။ ဒါပေမဲ့ သူက ကျွန်မတို့နဲ့ ကျောင်းမှာ ခင်ခဲ့တုန်းကလို ကျောင်းသူ ကောင်မလေး မဟုတ်တော့ဘဲ အဆိုတော်၊ သရုပ်ဆောင်၊ ဆရာဝန်မကြီး ဖြစ်နေပါပြီ။ သူ့နာမည်က 'ချစ်သုဝေ' ပါရှင်။ ကျွန်မ ၀မ်းသာကြည်နူး မိ ပါတယ်။ နာမည်ကြီးနေတဲ့ အဆိုတော်၊ သရုပ်ဆောင် တစ်ယောက် ကျွန်မ မင်္ဂလာဆောင်ကို လာလို့ မဟုတ်ပါဘူး။ နှစ်တွေကြာတာတောင် ကျွန်မ နာမည်ကို မမေ့ဘဲ အမှတ်တရ ရှိနေခဲ့တဲ့၊ အမြဲတမ်း လိုလို ခင်မင် ဖော်ရွေတတ်တဲ့ သူငယ်ချင်း တစ်ယောက် ကျွန်မ မင်္ဂလာဆောင်ကို ရောက်လာလို့ပါပဲရှင်။ ကျွန်မရဲ့ မင်္ဂလာဆောင်ကို ချစ်သုဝေနဲ့အတူ  အခု ကျွန်မပြောပြနေတဲ့ ကျွန်မရဲ့ ငယ်သူငယ်ချင်းတွေ ရယ် ၊ အထက်တန်း ရောက်မှ ခင်တဲ့ သူငယ်ချင်းတွေရယ် အကုန်လုံးလာခဲ့ကြ ပါတယ်။

ပြန်စဉ်းစားကြည့်တော့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေဟာ ပြန်ဆုံဖို့ ခက်လာတဲ့အတွက် အကြောင်း ကိစ္စ ကြီးကြီးမားမား တစ်ခု ရှိမှသာ ပြန်ဆုံနိုင်ပါလားလို့ ကျွန်မ သိလိုက်ရပါတော့တယ်။ သူတို့နဲ့ ဆုံခဲ့ရတဲ့ ငယ်ဘ၀ လေးတွေ ကတော့ ကျွန်မအနေနဲ့ ပြန်ပြီးလိုချင်တယ် ဆိုရင်တောင် ဘယ်ရနိုင် ပါတော့မလဲရှင်။          ။


ပါရမီဖြည့်ဖက်လေး
၂၂း၁၉ နာရီ
၁၄.၁၂.၂၀၁၀

Monday, December 13, 2010

“စတီးချိုင့်နှင့်အတူ ပျောက်ဆုံးခဲ့ရသော ငယ်ဘ၀”

5 comments

ကျွန်မ ငါးတန်းနှစ်မှာ တောင်ညွန့်(၃) (အ.ထ.က - ၃၊ မင်္ဂလာတောင်ညွန့်) ကို စတက်ရပါတယ်။ ကျွန်မတို့ ကျောင်းက မိန်းကလေးကျောင်းပါ။ ငါးတန်းမှာ ကျောင်းသူသစ်မို့ ကျွန်မမှာ သူငယ်ချင်း မရှိပါဘူး။ ကျွန်မ တစ်ယောက်တည်း ယောင်လည်လည်နဲ့ပေါ့။

အဲဒီနှစ်က သိပ္ပံဆရာမက သူ့အချိန် ရောက်တိုင်း အတန်းထဲမှာ မသင်ဘဲ၊ ကျွန်မတို့ ငါးတန်းဆောင် ထောင့်က လှေကားတစ်ဆစ်ချိုးမှာ သင်ပါတယ်။ အဲဒီဆရာမ အချိန်က ကျောင်းမဆင်းမီ နောက်ဆုံးအချိန်။ အဲဒီလို နောက်ဆုံး အချိန်ဆို ကျွန်မတို့ လှေခါးထစ်တွေဆီ သွားကတည်းက  လွယ်အိတ်တွေ၊ ထမင်းဗူးတွေ အားလုံး တစ်ပါတည်း ယူသွားရတယ်။ ကျောင်းလွှတ်တာနဲ့ အဲဒီလှေကားကနေ တစ်ခါတည်း ကျောင်းတန်း ဆင်းရုံပဲ။ ကျွန်မတို့ ငါးတန်းမှာ (A) ခန်းကနေ (G)ခန်း အထိရှိတယ်။ A,B,C,D အခန်းတွေက ကျောင်းသူ ဟောင်းတွေ ထားပြီး၊ E,F,G အခန်းတွေက ကျွန်မလို ကျောင်းသူသစ် တွေကိုထားတယ်။

ကျွန်မတို့ ငါးတန်းဆောင်မှာ လှေခါးနှစ်ဖက်ရှိတယ်။ ငါးတန်း(A) က သူ့ဘာသာ အဆောင် အသေးလေး သတ်သတ် ဆိုတော့ (A) ခန်းကလူတွေက သူ့တို့လှေကားကနေ သီးသန့်ဆင်းတယ်။ ကျွန်မတို့ အဆောင် အကြီးမှာက (B)ခန်းကနေ (G) ခန်းအထိရှိတယ်။ အဲဒီမှာ (B)ခန်းကနေ (D)ခန်း အထိက တစ်ဖက် လှေကား က ဆင်းရပြီး၊ (E)ခန်းကနေ (G)ခန်းက တစ်ခြားတစ်ဖက် လှေကားက ဆင်းရတယ်။ ကျွန်မတို့ကို သိပ္ပံဆရာမ စာသင်တဲ့ လှေကားက (B,C,D) အခန်းတွေ ဆင်းရတဲ့ လှေကား။ အဲဒီမှာ ရှေ့ဆုံးအခန်း B က လူတွေကစပြီး တန်းစီ ပြီး တစ်တန်းချင်းစီ ဆင်းရတယ်။ တကယ်ဆို ကျွန်မတို့ အတန်းက ကျောင်းသူသစ်တွေ ထားတဲ့ ဘက် လှေကားက ဆင်းရမှာပါ။ ဒါပေမဲ့ ဆရာမက ကျောင်းသူဟောင်းတွေ ဆင်းတဲ့ လှေကားမှာ စာသင်တော့ အဲဒီလိုနေ့ဆို အဲဒီလှေကားကပဲ ဆင်းရတယ်။ အဲဒီတော့ ကျွန်မတို့ အတန်း အဲဒီလှေကားမှာ စာသင်တဲ့ နေ့မျိုးဆို ကျွန်မတို့ အတန်းက (B) ခန်းရဲ့ ရှေ့ ၊ ရှေ့ဆုံးက ဆင်းရတယ်။

အဲဒီလို ဆင်းတဲ့အခါ (B) ခန်းက ကျောင်းသူတွေက အေးအေးလူလူ တန်းစီဆင်းသလောက်၊ (C) ခန်းက လူတွေက ကျော်တက်ပြီး၊ လုယက်ဆင်းတတ်တယ်။ အဲဒီထဲမှာ အဆိုးဆုံးက ကတုံး ဆံပင်ပေါက်နဲ့  မျက်ပေါက်ကျဉ်ကျဉ်း၊ ပိန်ကပ်ကပ် ကောင်မလေး တစ်ယောက်။ အမြဲတမ်းရှေ့က လူတွေကို တိုးဝှေ့ပြီး လုဆင်းတယ်။ ပြီးတော့ ကျွန်မတို့ အတန်းကိုလည်း ကျောင်းသူသစ်တွေ လည်းဖြစ်၊ ကိုယ်ဆင်းရမယ့် လှေကားက မဆင်းဘဲ သူတို့ဘက်က လာဆင်းတော့ ကျောင်းဆင်းရတာ ပိုနောက်ကျလို့ မကြည်သလို နဲ့ပေါ့။ အဲဒီ ကောင်မလေးကို ကျွန်မ အမြင် ကတ်လိုက်တာ မပြောပါနဲ့တော့။ တိုးရင်းဝှေ့ရင်း ကျွန်မနဲ့လည်း ရန်ဖြစ်ကြသေးတယ်။ အဲဒီ အချိန်တုန်းကတော့ ဒီပိန်ကပ်ကပ် ကောင်မလေးဟာ ကျွန်မရဲ့အချစ်ဆုံး သူငယ်ချင်းတွေထဲက တစ်ယောက် ဖြစ်လာ လိမ့်မယ်လို ကျွန်မ ဘယ်ထင်ပါ့မလဲရှင်။

ကျွန်မ ငါးတန်းတုန်းက အိမ်က ထမင်းဗူးကို ပလတ်စတစ် ထမင်းဗူးလေးတွေနဲ့ ထည့်ပေးပါတယ်။ အဲဒီ ကာလမှာ စတီးချိုင့် ကိုင်တာ ခေတ်စားစပြုနေပါပြီ။ ကျွန်မလည်း စတီးချိုင့်ကိုင်ချင်တယ်လို့ အိမ်မှာ ပူဆာပြီး တစ်ရက်တော့ ကျွန်မ အဒေါ်အကြီးရဲ့ Zebra သုံးဆင့်ချိုင့်ကြီးနဲ့ ကျောင်းကို ထမင်း ထည့်လာပါတယ်။ ခြင်းတောင်လေးနဲ့ ထည့်ယူခဲ့တာပါ။ ကျောင်းဆင်းချိန်ဆို ကျွန်မတို့အိမ်မှာနေတဲ့ အစ်မ၊ ဘိုးဘိုးရဲ့တူမ တစ်ယောက်က အမြဲ လာကြိုပါတယ်။

အဲဒီနေ့ကတော့ ကျွန်မ အဲဒီအစ်မကို အရင်မရှာဘဲ သူများတွေ ရေခဲချောင်းလှည့်နေတဲ့ ဆီ ရောက်သွား ပါတယ်။ တချို့က တစ်ခါလှည့်ရင် လေးငါးဆယ်ချောင်းအထိ ရသွားကြတယ်။ ကျွန်မလည်း လှည့်ချင်စိတ် ပေါက်လာပါတယ်။ ဒါနဲ့ ရေခဲချောင်းဝင်လှည့် ပါလေရော။ ပထမတစ်ခါလှည့် တစ်ချောင်းပဲရတယ်။ စိတ်က မကျေနပ်တော့ ထပ်လှည့် ထပ်လှည့်နဲ့ ရေခဲချောင်းဆီ အာရုံရောက်နေတာ၊ ရှိသမျှ မုန့်ဖိုးလေး ကုန်လို့ ရေခဲချောင်းလေးတွေ ကိုင်ပြီးဘေးကိုလည်း ကြည့်လိုက်ရော ကျွန်မဘေးမှာ ချထားတဲ့ ခြင်းထောင်းထဲမှာ စတီးချိုင့်လေး မရှိတော့ဘူးရှင့်။ အဲဒီအချိန်မှာ ကျွန်မကို လိုက်ရှာနေတဲ့ အိမ်ကအစ်မလည်း ကျွန်မဘေး ရောက်လာပါတယ်။ ဒီတော့မှ ကျွန်မရေခဲချောင်းလေးတွေ ကိုင်ပြီး ငိုတော့တာပေါ့ရှင်။ အိမ်ရောက်ရင် ရိုက်ခံရမှာလည်း ကြောက်တာကိုး။ ကျွန်မငိုနေတာကို အင်္ဂလိပ်စာ ဆရာမက တွေ့သွားပြီး အကျိုး အကြောင်း လာမေးပါတယ်။ ဒါပေမဲ့ ဆရာမလည်း ဘာမှ မတတ်နိုင်ပါဘူး။ ကျောင်းပြင်ပမှာ ပျောက်သွားတာ ကိုး။ အိမ်ရောက်တော့ လာကြိုတဲ့ အစ်မက ကျွန်မဘိုးဘိုးတို့ကို ဖြစ်ကြောင်း ကုန်စင်ပြောပြပါတယ်။ ရေခဲချောင်း ငမ်းရင်း စတီးချိုင့် ပါသွားတာကိုပေါ့။ ကျွန်မအိမ်က လူကြီးတွေက တစ်ယောက်မှ ကျွန်မကို မဆူကြပါဘူး။ ဒါပေမဲ့ နောက်နေ့ကစပြီး ကျွန်မ ပလတ်စတစ် ထမင်းဗူးလေးနဲ့ ပြန်ဖြစ်သွားပါတယ်ရှင်။ ကျွန်မ ငယ်ငယ်က အဲဒီလိုလည်း အစားငမ်းခဲ့ဖူးပါတယ်။                   ။


ပါရမီဖြည့်ဖက်လေး
၁၅း၃၀ နာရီ
၁၃.၁၂.၂၀၁၀
Related Posts Plugin for WordPress, Blogger...