Monday, February 28, 2011

"ငါးသံပုရာပေါင်း"

ဒီနေ့တော့ နေကောင်းခါစ စာရေးဆရာနဲ့ အဆင်ပြေအောင် ဆီလည်းမပါ၊ ခံတွင်းလည်းပေါက်မယ့် ငါးသံပုရာပေါင်းလေး လုပ်စားပါတယ်။ အမှန်အတိုင်းပြောမယ်နော်။ စာရေးဆရာကို ခေါင်းစဉ်တပ်ပြီး ကျွန်မစားချင်တာလေးတွေ ချက်ရတာပေါ့။

ငါးသံပုရာပေါင်း ပေါင်းဖို့အတွက် ကျွန်မကတော့ တီလားပီးယား (ဇလားပီးယား)ငါး ၀ယ်ခဲ့ပါတယ်။ ရန်ကုန်မှာ ဆိုရင်တော့ ကတ်ကတစ်လေးနဲ့ ပေါင်းစားပါတယ်။ တီလားပီးယားငါးကို ဗိုက်ခွဲ၊ အညစ်အကြေးတွေထုတ်၊ ရေဆေးပြီး အကောင်လိုက်ကို ဆား၊ အချိုမှုန့်နဲ့ နယ်နှပ်ထားပါတယ်။ ဂျင်း ပါးပါးလှီးပြီး၊ ကြက်သွန်ဖြူကို ဒါးပြားရိုက်ထားပါတယ်။ ငရုတ်သီးစိမ်း အစပ်စားနိုင်သလောက်နဲ့ ကြက်သွန်ဖြူ ခပ်များများကို ရောပြီး ထောင်းပါတယ်။ ပန်းကန်တစ်လုံးမှာ ရေကျက်အေး အနည်းငယ် ထည့်ပါတယ်။ ရေကျက်အေးထဲကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ထောင်းထားတာ ထည့်ပါတယ်။ သံပုရာရည် ရွှဲရွှဲညှစ်ပါတယ်။ ဆား၊ အချိုမှုန့် ထည့်ပါတယ်။ နံနံပင်နဲ့ ကြက်သွန်မြိတ်ကို ရိတ်ရိတ် လှီးထည့်၊ အားလုံးသမအောင် မွှေပြီး ဖျော်ထားပါတယ်။ မီးဖိုပေါ်ဒယ်အိုးတင်ပြီး ရေအနည်းငယ် ထည့်တည်ပါတယ်။ ရေဆူရင် ဂျင်းနဲ့ ကြက်သွန်ဖြူ ဒါးပြား ရိုက်ထားတာ ထည့်ပါတယ်။ ငါးထည့် ပြုတ်ပါတယ်။ ခဏနေရင် ငါးကို တစ်ဖက်ခြမ်းကို လှန်ပြီး ပြုတ်ပါတယ်။ နှစ်ဖက်လုံးကျက်အောင် ပြုတ်ပေးပါတယ်။ အရည်အနည်းငယ် ကျန်အောင် ပြုတ်ပါတယ်။ ငါးပြုတ်ထားတာ ရရင် ပန်းကန်ပြားထဲကို ငါးနဲ့ ငါးပြုတ်ရည်တွေ ပြောင်းထည့် ပါတယ်။ အပေါ်ကနေ ခုနက ငရုတ်သီးစိမ်း၊ သံပုရာရည် စတာတွေနဲ့ ဖျော်ထားတဲ့ ချဉ်စပ်ရည်လေး လောင်းထည့်ပါတယ်။ ဒါဆို ချဉ်ချဉ်စပ်စပ်၊ သံပုရာနံ့ မွှေးမွှေးလေးနဲ့ ငါးသံပုရာပေါင်လေးရပြီပေါ့နော်။

ငါးသံပုရာပေါင်း


ကျွန်မ၀ယ်လာတဲ့ ငါးကို စာရေးဆရာက သေးတယ်တဲ့။ နောက်ဆို ပိုကြီးတာဝယ်တဲ့။ လျှာလည်သွားပုံပဲ။

2 comments:

မြူးမြူး said...

မမြူးကတော့ ငါးကို အစာပလာတွေနဲ့ ပန်းကန်ထဲထည့်ပြီး ပေါင်းတယ်.. ဒယ်အိုးထဲမှာ ရေနည်းနည်းထည့် စတီးစင်လေးကိုရေထဲထည့်.. ငါးပန်ကန်ကို စတီးစင်ပေါ်တင် အဖုံးအုပ်ပြီးပေါင်းတာ..း)

ချော(အစိမ်းရောင်လွင်ပြင်) said...

နောက်ခေါက်ကျဒီထက်ကြီးတဲ့ အကောင်ကြီးကြီးပေါင်းပေးလိုက်နော်
ဝေလာငါးပေါင်းလို့ ဟိဟိ
တို့လဲ ငါးသံပုရာပေါင်းကြိုက်တယ် ခဏခဏ လုပ်စားဖြစ်တယ်

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...