Sunday, October 30, 2011

"ပုဇွန်အ၀ါရောင်ဟင်းနဲ့ ကျွန်မရဲ့မွေးနေ့"

7 comments
ကျွန်မမွေးနေ့မှာ မြတ်စွာဘုရားကို ကပ်လှူဖို့ ချက်ဖြစ်ခဲ့တဲ့ ဆွမ်းဟင်းလေးတစ်ခွက်ပါ။ ပုဇွန်အ၀ါရောင် ဟင်းလေးပေါ့။

ပုဇွန်တွေကို ရေဆေး၊ ခေါင်းဖြုတ်၊ အခွံခွာပါတယ်။ အမြီးလေးကိုတော့ ချန်ထားပါတယ်။ ချယ်ရီခရမ်းချဉ်သီးလေးတွေကို ရေဆေးပြီး ထက်ခြမ်း ခြမ်းထားပါတယ်။ ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်၊ ဆီပူလာရင် အုန်းနို့ထည့်ပြီး မွှေပါတယ်။ အုန်းဆီလေးတက်လာရင် အ၀ါရောင်ဟင်း အနှစ်လေး ထည့်ပါတယ်။ ဒီအ၀ါရောင် ဟင်းအနှစ်ကိုလည်း ထိုင်းဆိုင်ကပဲ ၀ယ်ထားတာပါ။  ဟင်းနှစ်နဲ့ အုန်းနို့နှံ့သွားရင် ပုဇွန်လေးထည့် မွှေပါတယ်။ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပါတယ်။ ပုဇွန်လေးတွေ ကွေးလာရင် ခရမ်းချဉ်သီးလေး တွေ ထည့်မွှေပါတယ်။ ခဏမွှေပြီးရင်ရပါပြီ။ သိပ်အကြာကြီး မတည်ပါဘူး။ ခရမ်းချဉ်သီးတွေ ကျေကုန်မှာစိုးလို့။ ဒါဆို လွယ်လွယ်နဲ့ မြန်မြန်ချက်လို့ရတဲ့ ပုဇွန်အ၀ါရောင်ဟင်းလေး တစ်ခွက်ရပါပြီ။




မွေးနေ့မှာ ကိုယ်တိုင်အနေနဲ့ အိမ်းဘုရားမှာ ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်တာပဲ လုပ်နိုင်ပါတယ်။ ကျွန်မ မွေးနေ့မှာ စာရေးဆရာက အလုပ် သွားရတာကြောင့်ပါ။ မွေးနေ့ပြီး နောက်တစ်ရက်မှပဲ မြန်မာဘုန်းကြီးကျောင်းနဲ့ ကွမ်ရင်မယ်တော် ဘုရားကျောင်းကို ဇနီးမောင်နှံ နှစ်ယောက် သွားကြပါတယ်။ ဘုရားဖူးရင်း မွေးနေ့အတွက် အလှူငွေလေးတွေ လှူဖြစ်ပါတယ်။ တကယ်တော့ ကျွန်မတို့ဇနီးမောင်နှံက ကျွန်မမွေးနေ့မှာ အိမ်က မိသားစုတွေ လှူဒါန်းလေ့ရှိတဲ့ မိဘမဲ့ကလေးကျောင်းမှာ တစ်ရက်စာ လှူဒါန်းဖို့  ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့် အလှူရှင်တွေ ပြည့်နေတာကြောင့် ရက်မရခဲ့ပါဘူး။ ဒီတော့ အိမ်က ကျွန်မအဒေါ်တွေ အစီအစဉ်နဲ့ပဲ ကျွန်မတို့ ဇနီးမောင်နှံရဲ့ အလှူအဖြစ် မွေးနေ့ညမှာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို တစ်ညတာလုံး မီးပူဇော်ခြင်း၊ စစ်ကိုင်းတောင်ရိုးမှာ တပ်ဆင်နေတဲ့ စက်လှေကား တပ်ဆင်ခြင်းမှာ ပါဝင်လှူဒါန်းခြင်း၊ လှိုင်သာယာမှာ ရှိတဲ့ ဘိုးဘွားရိပ်သာမှာ ငွေပဒေသာပင်ထည့်ခြင်း၊ မိသားစုဝင်များနဲ့ စုပေါင်းလို့ ရွှေတိဂုံစေတီတော်မှာ ရေသန့်စက် လှူဒါန်းခြင်း စတာတွေကိုတော့ မိသားစုရဲ့ အကူအညီနဲ့ လှူဒါန်းနိုင်ခဲ့ပါတယ်။ မွေးနေ့မှာ အလှူအတန်းလေးတွေ လုပ်နိုင်လိုက်တဲ့အတွက် စိတ်ထဲမှာတော့ ကြည်နူးမိပါတယ်။ မွေးနေ့ညကဆို အိမ်ကနေ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ရည်မှန်းပြီး ကြည်ညိုနေမိပါတယ်။ 

နောက်ပြီး မွေးနေ့မှာ ကျွန်မအဘိုး၊ အဘွားနဲ့ မိဘတွေဆီဖုန်းခေါ်ဖြစ်တယ်။ ကျွန်မရဲ့ မွေးမိခင်ကို ဖုန်းထဲကနေ လှမ်းကန်တော့လိုက်တယ်။ ကျွန်မကို လောကကြီးထဲကို မွေးဖွားခေါ်ဆောင်ပေးခဲ့တဲ့ မေမေ့ကို  ကျေးဇူးပါ မေမေ။ ကျွန်မဘွားဘွားကလည်း ကျွန်မမွေးနေ့အတွက် ဘုရားဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူပေးနေတယ်တဲ့။ ကျွန်မကို သိပ်ချစ်တဲ့ ဘိုးဘိုး၊ ဘွားဘွား၊ မိဘတွေ၊ အဒေါ်တွေ၊ ဦးလေးတွေ ရှိနေတဲ့အတွက် ကျွန်မကိုယ်ကျွန်မ သိပ်ကံကောင်းတယ်လို့ ထင်ပါတယ်။ နောက်ပြီး ကျွန်မအပေါ်မှာ အဖေတစ်ယောက်လို၊ အစ်ကိုတစ်ယောက်လို ဆုံးမတတ်ပြီး၊ ကျွန်မကို ကလေးတစ်ယောက်လို အလိုလိုက်တတ်တဲ့ ခင်ပွန်းသည် ရှိနေတော့ ကျွန်မအတွက်တော့ ဘ၀ဟာ အရာရာ ပြည့်စုံလို့နေပါတော့တယ်။

မွေးနေ့အမှတ်တရအနေနဲ့ ခင်ပွန်းသည်ဆီက ဟောဒီ ပစ္စည်းလေးတွေ ရလိုက်ပါတယ်။


 အမှန်တော့ အိတ်က တစ်လုံးပဲဝယ်ဖို့ပါဘဲ။ ခင်ပွန်းသည်က အပေါ်က အမည်းရောင်လေးကို ကြိုက်တယ်။ ကျွန်မက အောက်က ပန်းရောင်လေးကို ကြိုက်တယ်။ ညှိမရတော့ နှစ်လုံးဖြစ်သွားတယ်။ ကျွန်မ သိပ်စိတ်ဆိုးတယ် :-)

 
ဒါလေးတွေကတော့ Body Shop က Skin Care လေးတွေပါ။ ပထမတော့ စမ်းသုံးကြည့်ဖို့ Starter Kit လေးပဲ ၀ယ်ခဲ့တာ၊ နောက်တော့ မွေးနေ့မှာ discount ရမယ်ဆိုတာနဲ့ လိုတာတွေ ထပ်ရလိုက်တယ်။




Sunday, October 23, 2011

"၀က်စတူး"

6 comments
ဒီနေ့ နေ့လယ်စာကို စာရေးဆရာက ၀က်စတူး စားချင်တယ်ဆိုတာနဲ့ မနက်က ဈေးသွား ကြတယ်။ ဈေးရောက်တော့ ၀က်သုံးထပ်သားက သိပ်ကောင်းကောင်းမရှိဘူး။ ဒီတော့ ၀က်လက်နဲ့ ချက်မယ်ဆိုပြီး ၀က်လက်ဝယ်ခဲ့တယ်။

ဝက်လက်ကို ရေစင်အောင်ဆေးပြီး ဆားနဲ့နယ်ထားတယ်။ ဒယ်အိုးထဲမှာ ဆီထည့်၊ ဆီပူရင် သကြားနည်းနည်း ထည့်ကြော်လိုက်တယ်။ သကြားကြေပြီး အညိုရောင်သန်းသွားရင် ဆီထဲကို ၀က်လက်တုံးလေးတွေ ထည့်ကြော်ပါတယ်။ ဆီပေါက်တာတော့ တော်တော်ရှောင်လိုက်ရတယ်။ ၀က်လက်တုံးလေးတွေ နီရဲလာပြီဆို နာနတ်ပွင့်လေး နည်းနည်း ထည့်ကြော်ပါတယ်။ ပြီးရင် ၀က်လက်တုံးလေးတွေကို ဒယ်အိုးထဲကဆယ်ပြီး အိုးတစ်လုံးထဲ ထည့်ပါတယ်။ ပြီးတော့ ပဲငံပြာရည် အနောက်၊ အကြည်၊ ဆား၊ အချိုမှုန့်၊ တရုတ်မဆလာ၊ ခရုဆီ၊ ဗနီကာ စတာတွေထည့်ပြီး ရောမွှေလိုက်ပါတယ်။ အရသာတွေ နှံ့သွားပြီဆို ရေဆူများများထည့်ပြီး မီးငွေ့ငွေ့နဲ့ ကြာကြာတည်ပေးပါတယ်။ အသားတွေ နူးအိသွားပြီဆို ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းစေ့ ရောထောင်းထားတာလေး အုပ်ပြီး မီးပိတ်လိုက်ပါတယ်။ ကျွန်မက အရည်စမ်းစားရတာ ကြိုက်လို့ အရည်လေးခပ်များများလေး ကျန်အောင် ချက်ပါတယ်။ ကန်စွန်းရွက်ကို ရေဆေးထားပါတယ်။ စားခါနီးမှာ ၀က်စတူးကို ပြန်နွေးပြီး ကန်စွန်းရွက်လေး အုပ်လိုက်ပါတယ်။ ဒါဆို ၀က်လက်စတူးရပါပြီ။  ကျွန်မက ကန်စွန်းရွက် နွမ်းသွားတာကို မကြိုက်လို့စားခါနီးမှထည့်တာပါ။

အအီပြေအောင် အချဉ်ဖျော်ပြီး တွဲစားပါတယ်။ ကြက်သွန်ဖြူ၊ ငရုတ်သီး ရောထောင်းပါတယ်။ ပြီးတော့ သံပုရာရည်၊ ဆား၊ အချိုမှုန့်နဲ့ ရေကျက်အေးလေးနည်းနည်း ရောပြီး ဖျော်ပါတယ်။ 

ဝက်လက်စတူးလေး။



အအီပြေ သံပုရာရည်အချဉ်လေး။


Thursday, October 20, 2011

"ရန်ကုန်အိမ်ကပို့တဲ့ စားစရာများ"

5 comments
ဒီရက်ပိုင်း ဘာမှလည်း မချက်မပြုတ်ဘဲ ဇိမ်ကျနေတယ်။ ညစာအတွက် ထမင်းဆိုင်လည်း မသွားဘူး။ ဘာမှမစားကြဘူးလား လို့ မမေးနဲ့နော်။ ကျွန်မ မောင်ဝမ်းကွဲလေး ကျောင်းပိတ်လို့ ရန်ကုန် ခဏပြန်သွားတာ၊ ပြန်လာတော့ အိမ်ကလူတွေက စားစရာတွေထည့်ပေးလိုက်လို့၊ အဲဒါလေးတွေနဲ့ စားနေတာ။ 

ဟောဒါက ငါးကျီးကြော်။ အိမ်ကကြော်ပေးလိုက်တုန်းက အဖြူထည်လေးပါ။ တစ်ဝက်စားပြီးမှ ကျန်တဲ့တစ်ဝက်ကို ဆီနဲ့ နည်းနည်းပြန်နွေးတယ်။ ကြက်သွန်ဖြူနီဆီသတ်ပြီး ငရုတ်သီးလုံးကွဲလေးထည့်။ ငါးထည့်ရောပြီး ငါးဆူဆီပြန်လုပ်လိုက်တယ်။ 



ဒါလေးကတော့ ကျွန်မအကြိုက် ငါးသလဲထိုးကြော်။ ဒီဗူးနဲ့ အပြည့်ပါတယ်။ ကျွန်မရဲ့ စာရေးဆရာကတော့ ပြောတယ်၊ ထမင်းနဲ့ စားတာနည်းနည်း၊ ငါးကြော်ချည်း နှိုက်စားတာများများတဲ့။ တတ်နိုင်ဘူးလေ။ ကြိုက်တာကို။ အိမ်မှာတုန်းကဆို အဘွားကကြော်ပြီးရင် ကျွန်မ မမြင်အောင်ဖွက်ထားရတယ်။ မဟုတ်ရင် ဒီအတိုင်း စားတာနဲ့ ထမင်းစားချိန်ဆို ဘာမှမကျန်တော့ဘူး။




ဒါက ၀က်သားကြော်။ ကျွန်မအမေကိုယ်တိုင် ကြော်ပေးလိုက်တာ။ ဒီမှာ ၀က်သားဝယ်ပြီး အမေကြော်သလို လိုက်ကြော်ပေမယ့် မတူဘူး။ ၀က်သားမတူလို့ဖြစ်မယ်။ ကိုယ်ကြော်တာ မတတ်လို့တော့ မဖြစ်နိုင်ဘူး။


တခြားစားစရာတွေကတော့ လက်ဖက်၊ သရက်သီးသနပ်၊ ဂျင်းသုပ်၊ ဆတ်သားခြောက် စတာတွေပေါ့။ ရယ်ဒီမိတ်တွေ ဆိုတော့ နောက်မှ အေးအေးဆေးဆေးစားမယ်ဆိုပြီး သိမ်းထားတယ်။ အဲဒီ ပုံတွေတော့ ပြတော့ဘူးနော်။

Sunday, October 16, 2011

"ကြက်သားအစိမ်းရောင်ဟင်းနဲ့ မျှစ်သုပ်ချဉ်စပ်"

9 comments
မနေ့က စာရေးဆရာနဲ့ မြို့ထဲသွားရင်း Golden Mile (ယိုးဒယားဈေး) ရောက်တော့ ထိုင်းဟင်းချက်ရင် လိုအပ်တာလေးတွေ ၀ယ်လာခဲ့တယ်။ ဒါနဲ့ ဒီနေ့အတွက် အစိမ်းရောင်ဟင်း (Green Curry) ချက်စားဖြစ်တယ်။ ကျွန်မကတော့ ကြက်သားနဲ့ ချက်ပါတယ်။ အမဲသား၊ ၀က်သားတို့နဲ့လည်း ချက်လို့ရပါတယ်။ 

ပထမဆုံး ကြက်သားကို ခပ်ရွယ်ရွယ် အတုံးလေးတွေ တုံးပြီး ဂျင်းမှုန့်၊ ငံပြာရည်တို့နဲ့ နယ်နှပ်ထားပါတယ်။ ခရမ်းကျွတ်သီး တွေကို လေးစိတ်စိတ်ပြီး ရေစိမ်ထားပါတယ်။ နံနံပင်၊ ငရုတ်သီးစိမ်းနဲ့ ပင်စိမ်းကို ရေဆေးသန့်စင်ထားပါတယ်။ ရှောက်ရွက်ကတော့ ၀ယ်ထားတာ အဆင်သင့်မရှိလို့ မထည့်လိုက်တော့ဘူး။ ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး ဆီပူရင် အုန်းနို့ဗူးကို ဖောက်ထည့်ပါတယ်။ ပြီးတော့ အဆက်မပြတ် မွှေပေးပါတယ်။ အုန်းနို့ဆီ အပေါ်ယံကို တက်လာပြီဆိုရင် Green Curry အနှစ် ထည့်ပါတယ်။ ဆက်ပြီး မွှေပေးပါတယ်။ အုန်းနို့နဲ့ Green Curry သမသွားပြီဆိုမှ ကြက်သားထည့်ပါတယ်။ ရေနွေးအနည်းငယ်ထည့်ပြီး ကြက်သားနူးအောင် တည်ပေးပါတယ်။ ကြက်သားနူးခါနီးရင် ရေစိမ်ထားတဲ့ ခရမ်းကျွတ်သီးထည့်ပြီး ရေဆူနည်းနည်း ထပ်ထည့်တည်ပါတယ်။ ကြက်သားရော၊ ခရမ်းကျွတ်သီးပါ နူးလောက်ရင် ငံပြာရည်၊ အချိုမှုန့်ထည့်ပြီး ဟင်းအရသာပြင်တယ်။ ပြီးတော့ နံနံပင်နဲ့ ပင်စိမ်းထည့်ပါတယ်။ ငရုတ်သီးစိမ်းကိုလည်း ထက်ခြမ်းခြမ်းထည့်ပြီးတာနဲ့ တဆက်တည်း ဟင်းအိုးကိုချလိုက်ပါတယ်။ ဒါဆို ကြက်သားအစိမ်းရောင်ဟင်းလေး ရပါပြီ။

ကြက်သားအစိမ်းရောင်ဟင်းလေး။




ဟောဒီပုလင်းထဲက အစိမ်းရောင်ဟင်းအနှစ်နဲ့ ချက်တာ။ အုန်းနို့မပါတဲ့ အစိမ်းရောင်အနှစ်နဲ့ အုန်းနို့ ပါပြီးသား နှစ်မျိုးရှိတယ်။ ကျွန်မက အုန်းနို့ပါပြီးသား ၀ယ်ခဲ့တယ်။ ချက်တဲ့အခါ အုန်းနို့ လျှော့ထည့်ပါတယ်။



ဟောဒီအရွက်လေးတွေထည့်တယ်။


ခရမ်းကျွတ်သီးရေစိမ်ထားတာ။


ဟင်းရံအနေနဲ့ ထိုင်းအသုပ်တစ်မျိုးဖြစ်တဲ့ မျှစ်သုပ် သုပ်ပါတယ်။ မျှစ်ကိုတော့ ထိုင်းဆိုင်ကပဲ ပုလင်းနဲ့ ၀ယ်ခဲ့တာပါ။ တစ်ပန်းကန်သုပ်စာ မျှစ်ကို ပုလင်းထဲကထုတ်ပြီး ရေနွေးနည်းနည်းနဲ့ အိုးတစ်လုံးမှာ ပြုတ်ပါတယ်။ အကြာကြီးပြုတ်ဖို့ မလိုပါဘူး။ ရေလေးဆူရင်ပဲ ရပါပြီ။ ဆန်နည်းနည်းကို အိုးတစ်လုံးမှာ ထည့်ပြီး လှော်ပါတယ်။ ဆန်စေ့လေးတွေ အညိုရောင်ပြောင်းသွားရင် ငရုတ်ဆုံမှာ ထည့်ထောင်းပါတယ်။ နံနံပင်၊ ပူစီနံနဲ့ ငရုတ်သီးစိမ်းကို ရေဆေးပြီး လှီးချွတ်ပါတယ်။ ပန်းကန်တစ်လုံးမှာ ခုနကမျှစ်ရယ်၊ နံနံပင်၊ ပူစီနံ၊ ငရုတ်သီးစိမ်းနဲ့ ဆန်မှုန့်ကိုထည့်၊ သံပုရာရည်ညှစ်ထည့်၊ အချိုမှုန့်၊ ဆားထည့်၊ ငရုတ်သီးအကျက်မှုန့် ထည့်ပြီး ရောနယ်သုပ်ပါတယ်။ ဒါဆို မျှစ်သုပ် ချဉ်စပ်လေး ရပြီပေါ့ရှင်။

ဒီပုလင်းထဲက မျှစ်နဲ့သုပ်တာပါ။ ငရုတ်သီးစိမ်းနဲ့စိမ်ထားတဲ့မျှစ်နဲ့၊ ငရုတ်သီးစိမ်း မပါတာနဲ့ နှစ်မျိုးရှိတယ်။ ကျွန်မကတော့ ငရုတ်သီးထည့်စိမ်ထားတာ ၀ယ်ခဲ့တယ်။


ဟောဒီအရွက်လေးတွေလှီးထည့်တယ်။


ဟောဒီမှာသုပ်ရန်အဆင်သင့်၊ ဆန်မှုန့်၊ ဆားနဲ့ အချိုမှုန့်တော့ မထည့်ရသေးဘူး။


ဟောဒီမှာ ထိုင်းမျှစ်သုပ်ချဉ်စပ်။




Sunday, October 9, 2011

"ကင်းမွန်ကို ၀က်သားအစာသွပ်ထားတဲ့ နေ့လယ်စာ"

6 comments
ဒီနေ့တော့ ထိုင်းဟင်းလျာ တစ်မျိုးဖြစ်တဲ့ ကင်းမွန် ၀က်သားအစာသွပ်ကြော်လေး ချက်စားဖြစ်ပါတယ်။ ပထမဆုံး ကင်းမွန်ကို သန့်စင်ပြီး ရေဆေးပါတယ်။ ကင်းမွန် အတွင်းပိုင်းကိုလည်း ဗနီကာလေး လောင်းထည့်ပြီး ဆေးပေးပါတယ်။ ပြီးတော့ အကောင်လိုက်လေးပဲ ဇကာနဲ့ ရေစစ်ထားပါတယ်။ နံနံပင်အမြစ် သုံးလေးခုလောက်ကို ရေစင်စင်ဆေးပြီး ညက်အောင်ထောင်းပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို ခပ်နုတ်နုတ်စင်းပါတယ်။ ဇလုံတစ်လုံးမှာ ၀က်သားကြိတ်သား၊ နံနံပင်အမြစ် ညက်ညက်ထောင်းထားတာ၊ ကြက်သွန်ဖြူ၊နီ နုတ်နုတ်စင်း၊ ပဲငံပြာရည်၊ ငါးငံပြာရည်၊ အချိုမှုန့် စတာတွေ ရောထည့်ပါတယ်။ ကြက်ဥတစ်လုံး ဖောက်ပြီး အကာကို လောင်းထည့်ပြီး သေသေချာချာ နယ်ပါတယ်။ အသားနယ်ပြီးရင် ခုနက ရေစစ်ထားတဲ့ ကင်းမွန်ထဲကို သိပ်ထည့်ပြီး အစာသွပ်ပေးပါတယ်။ 

အိုးတစ်လုံးမှာ ရေထည့်တည်ပါတယ်။ ရေဆူရင် အိုးအဖုံးဖွင့်ပြီး ဇကာတစ်လုံးခံပြီး ဇကာထဲမှာ အသားသွပ်ထားတဲ့ ကင်းမွန်ကို ထည့်ပြီး ရေနွေးငွေ့နဲ့ ပေါင်းပေးပါတယ်။ အသား ကျက်ရင် ပေါင်းထားတဲ့ ကင်းမွန်အစာသွပ်ကို ပန်းကန်ပြားနဲ့ထည့်ပြီး အအေးခံထား ပါတယ်။ အေးသွားရင် ဒါးနဲ့ တစ်လက်မ အရွယ်လောက် လှီးဖြတ်ပါတယ်။

ရေခဲမှိုခြောက် လေးငါးပွင့်ကို ရေစိမ်ပြီး ခပ်ပါးပါးလှီးထားပါတယ်။ ကြက်သွန်ဖြူနဲ့ ဂျင်းကို နုတ်နုတ် စင်းထားပါတယ်။ ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်၊ ဆီပူရင် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ဖြူ အ၀ါရောင်သန်းပြီး မွှေးလာရင် ဂျင်းထည့်သပ်ပါတယ်။ ပြီးတော့ မှိုထည့်ကြော်ပါတယ်။ မှိုထည့်ပြီး ခဏနေမှ လှီးထားတဲ့ ကင်းမွန်အစာသွပ်တွေရောထည့် ကြော်ပါတယ်။ ပဲငံပြာရည်အကြည် (ကြာညို့)နဲ့ ခရုဆီထည့်ကြော်ပါတယ်။ မှိုရောအသားပါ ကျက်ပြီး မီးပိတ်ခါနီးမှ ငရုတ်သီးလှီးထားတာနဲ့ ကြက်သွန်မြိတ်ကို ထည့်အုပ်လိုက်ပါတယ်။ ဒါဆို ကင်းမွန် ၀က်သားအစာသွပ်ကြော်လေး ရပါပြီ။






ဟောဒါက ကြော်ပြီးခါစ ဒယ်အိုးထဲမှာ


အရည်သောက်အဖြစ်နဲ့တော့ အလွယ်တကူ ခနောတုံးနဲ့ပဲ ချက်လိုက်ပါတယ်။ အိုးတစ်လုံးမှာ ရေထည့်တည်၊ ရေဆူရင် ခနောတုံး တစ်တုံးထည့်၊ ရေတစ်ခါပြန်ဆူရင် ပြောင်းဖူး အသေးလေးတွေလှီးထားတာထည့်၊ ငုံးဥပြုတ်ထားတာထည့်၊ ကြက်ဥတစ်လုံး ဖောက်ထည့်ပါတယ်။ စားခါနီးမှ အရည်ကို ပူအောင်ပြန်နွေးပြီး အရည်ပူပူထဲကို မုန်ညှင်းနဲ့ ကြက်သွန်မြိတ်ခပ်သောက်ပါတယ်။



ကင်းမွန်ထဲအစာသွပ်ပြီးတော့ ၀က်သားတွေ ကျန်နေသေးတာနဲ့ ၀က်သားလုံးလေးတွေလုံးပြီး ခုနက ကင်းမွန်ပေါင်းသလိုပဲ ဇကာထဲထည့်ပြီး ရေနွေးငွေ့နဲ့ပေါင်းလိုက်တဲ့အခါ နေ့ခင်း အဆာပြေစားဖို့ ၀က်သားပေါင်းလေးပါ ရလာပါတယ်။



Sunday, October 2, 2011

" ၀က်သားစဉ်းကောအစပ်ကြော်နဲ့ ကြက်ခြေထောက်ဟင်းရည် "

2 comments
အခုတလော ကျွန်မတို့ ဇနီးမောင်နှံနှစ်ယောက်လည်း အပြင်မှာပဲ ထမင်းစားဖြစ်တာ များနေတာကြောင့် ဟင်းမချက်ဖြစ်တာ ကြာပါပြီ။ ဒီတော့ ပို့စ်လည်း မတင်ဖြစ်၊ ဘလော့ကာ မိတ်ဆွေတွေဆီလည်း အလည်မရောက်ဖြစ်တာကြာပြီပေါ့။ ခင်ပွန်းသည်ကတော့ ကျွန်မကို ဘလော့လေးကို ပစ်မထားမိဖို့ အမြဲသတိပေးပါတယ်။ ဒီနေ့တော့ ရုံးပိတ်ရက်လည်းဖြစ်တော့ စာရေးဆရာက ထိုင်းဟင်း တစ်ခွက်လောက် ချက်ကျွေးဖို့ ပြောပါတယ်။ ကျွန်မတို့နှစ်ယောက်လည်း ထိုင်းဆိုင်က အစားအစာတွေဆို ကြိုက်တာ များပါတယ်။ အစပ်ကြိုက်တာကိုး။ 

ဒီတော့ သည်နေ့ ၀က်စဉ်းကောအစပ်ကြော်လေး ချက်စားဖြစ်ပါတယ်။ ၀က်သား စဉ်းထားတာကို ရေဆေးပြီး ဂျင်းမှုန့်၊ ဆား၊ အချိုမှုန့်နဲ့နယ်ထားပါတယ်။ ငရုတ်သီးစိမ်း အနီတောင့်၊ ကြက်သွန်ဖြူနဲ့ နံနံပင် အမြစ် (နံနံရွက်မပါ။ အမြစ်ချည်းသက်သက်) ကို ရောထောင်းပါတယ်။ မီးဖိုပေါ်ဆီအိုးတင် ဆီပူလာရင် ထောင်းထားတာတွေ ရောပြီး ဆီသတ်ပါတယ်။ ကြက်သွန်ဖြူ အ၀ါရောင်သန်းပြီး မွှေးလာရင် နယ်ထားတဲ့ ၀က်သားတွေထည့်ကြော်ပါတယ်။ အရသာအတွက် ငံပြာရည်၊ အချိုမှုန့်နဲ့ ခရုဆီထည့် ပါတယ်။ ပြီးတော့ ကြက်သားပြုတ်ရည်လေး ထည့်ပြီး ၀က်သားနူးပြီး ဆီပြန်အောင် ကြော်ပေးပါတယ်။ ဆီပြန်ရင် ငရုတ်သီးစိမ်း ပါးပါးလှီးနဲ့ နံနံပင်လေး ရေဆေးထည့်လိုက်ရင် ရပါပြီနော်။ ထိုင်းဆိုင်တွေ မှာတော့ ပူစီနံ ထည့်ပါတယ်။ ကျွန်မကတော့ ပူစီနံ ၀ယ်ထားတာ မရှိလို့ နံနံပင်ပဲထည့်လိုက်တာပါ။

အရည်သောက်အဖြစ် ကြက်ခြေထောက် ချဉ်စပ်ဟင်းရည်လေး ချက်သောက်ပါတယ်။ ကြက်ခြေထောက်တွေကို ရေဆေးပြီး ဂျင်းမှုန့်၊ ဆား၊ အချိုမှုန့်နဲ့ နယ်ပါတယ်။ ပြီးတော့ အိုးတစ်လုံးမှာ ရေထည့်ပြီး ကြာကြာလေး ပြုတ်ပါတယ်။ ၀က်စဉ်းကောကြော်လည်း ကြက်ပြုတ်ရည် ထည့်ကြော်တော့ အဆင်ပြေပါတယ်။ ကြက်ပြုတ်ရည်ရရင် အပေါ့အငံပြင်ပါတယ်။ ပြီးတော့ သံပုရာရည်ညစ် ငရုတ်သီးစိမ်းပါးပါး ထည့်ပြီး နံနံပင်အုပ်လိုက်ပါတယ်။ ဒါဆို ကြက်ခြေထောက်ဟင်းရည်လေး ရပါပြီ။







Related Posts Plugin for WordPress, Blogger...