Saturday, May 25, 2013

" ၀က်နံရိုးကုလားပဲဟင်း "

1 comments
ဒီတစ်ခါတော့ ၀က်နံရိုးကို ကုလားပဲလေးနဲ့ ချက်စားဖြစ်တယ်။ ၀က်နံရိုးတွေကို ရေဆေးပြီး ပဲငံပြာရည် အကြည်၊ အနောက်နှစ်မျိုးလုံးနဲ့ ရောနယ်ထားတယ်။ ကုလားပဲကို ရေဆေးပြီး အိုးတစ်လုံးထဲထည့်၊ ရေထည့်ပြီး ပဲတွေနူးခါနီးအထိ ကြာကြာလေးပြုတ်ပေးပါတယ်။ ကြက်သွန်ဖြူနီဂျင်း ရောထောင်းပါတယ်။ အားလုံး အဆင်သင့်ဖြစ်ရင် အိုးတစ်လုံးမှာ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ထောင်းထားတာနဲ့ ငရုတ်သီးအရောင်တင်မှုန့်ရောပြီး ဆီသတ်ပါတယ်။ ကြက်သွန်လေးတွေ မွှေးလာရင် ၀က်နံရိုးထည့်လုံးပါတယ်။ အပေါ့အငံပြင်ပါတယ်။ ၀က်သားချက်ရင် ကျွန်မကတော့ ပဲငံပြာရည်ပဲသုံးပါတယ်။ ငါးငံပြာရည် မသုံးပါဘူး။ နံရိုးကထွက်တဲ့ရေခန်းလို့ ဆီပြန်ရင် ကုလားပဲအိုးထဲကို ဆီသတ်ထားတာတွေ ရောထည့်ပြီး တည်ပေးပါတယ်။ ရေလိုရင် ရေနွေး ထပ်ဖြည့်ထည့်ပါတယ်။ ၀က်နံရိုးလည်းနူး ပဲလည်းနူးပြီဆို ၀က်နံရိုးကုလားပဲဟင်းလေးရပါပြီ။



Thursday, May 9, 2013

" ကြက်သားပင်စိမ်း "

1 comments
ကြက်သားကို ဆီပြန်ဟင်းတွေချည်းစားနေရတာ ရိုးအီနေပြီမို့ ဒီတစ်ခါတော့ ကြက်သားပင်စိမ်းလေး ချက်စားဖြစ်တယ်။ ကြက်သား အသားချည်းသက်သက်ကို ရေစင်အောင်ဆေး၊ ခပ်ပါးပါး သေးသေးလေးတွေဖြစ်အောင် လှီးပြီး ဆားနယ်ထားပါတယ်။ ကြက်သွန်ဖြူနဲ့ချင်းကို ညက်နေအောင်ထောင်းပြီး ကြက်သွန်နီကို ဒါးနဲ့နုတ်နုတ်စင်းပါတယ်။ ခရမ်းချဉ်သီးကို အစေ့ထုတ်၊ ရေဆေးပြီး ခပ်သေးသေးလေးထောင့်တုံးလေးတွေ ဖြစ်အောင် လှီးပါတယ်။ ငရုတ်သီး အစပ်စားနိုင်သလောက်ကို ပါးပါးလှီးထားပါတယ်။ ပင်စိမ်းကို အရွက်ချွေ၊ ရေဆေးထားပါတယ်။ သံပုရာသီးအရည်ညှစ်ထားပါတယ်။

မီးဖိုပေါ်ဒယ်အိုးတင်၊ ဆီအနည်းငယ်ထည့်ပြီး ဆီကျက်လာရင် ကြက်သွန်ဖြူနီချင်း ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်တွေအနီရောင်သန်းပြီး ကျွတ်လာရင် ငရုတ်သီးအစိမ်းမှုန့် အနည်းငယ်ထည့်ပြီး ကြက်သားကိုထည့်ကြော်ပါတယ်။ ငံပြာရည်နဲ့ ကြက်သားမှုန့်ထည့်ပြီး ကြက်သားမှ ထွက်တဲ့ ရေကုန်တဲ့အထိ ကြော်ပေးပါတယ်။ ကြက်သားဆီပြန်လာရင် ခရမ်းချဉ်သီးထည့် ကြော်ပါတယ်။ ခဏမွှေပေးပြီး ငရုတ်သီးစိမ်းထည့်ပါတယ်။ သံပုရာရည်ထည့်ပြီး အပေါ့အငံအနေတော်ဆို ပင်စိမ်းတွေထည့်မွှေပြီး မီးပိတ်ပါတယ်။ ဒါဆို ပင်စိမ်းနံ့သင်းသင်းလေးနဲ့ ကြက်သားပင်စိမ်းလေးရပါပြီ။ ချဉ်စပ်လေးမို့ ထမင်းဖြူပူပူလေးနဲ့ဆို အင်မတန်လိုက်ဖက်ပါတယ်။





Related Posts Plugin for WordPress, Blogger...